စုလုရီ
အပိုင်း (၂၄) ဒီကိုလာခဲ့
လူအုပ်ကြီးကြားထဲမှ သူ့ကို ဖမ်းဆွဲထားသော လက်မှာ တောင့်တင်းလှသည်။
သူ၏ နှလုံးခုန်သံမှာလည်း လူအုပ်ကြီးကြောင့် တစ်ကြောင်း၊ စုချီကြောင့် တစ်ကြောင်း ရှိုးပွဲမှ ဆောင်းဘောက်စ် အသံနှင့်အတူ စည်းချက်ညီညီ ကခုန်နေလေသည်။
"ဝိုး...ဘယ်လိုဖြစ်သွားတာပါလိမ့်"
လဲကျလုစဲစဲ၌ ဖမ်းဆွဲထားသော လက်တစ်စုံကြောင့် အနည်းငယ် အံ့ဩသွားလေသည်။
ထို့ကြောင့် အနောက်သို့ လှည့်ကြည့်လိုက်ရာ စုချီက သူ့ကို ငုံ့၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အိုး၊ အစ်ကိုကြီး တိုက်ဆိုင်လိုက်တာ။ တကယ်တော့ ကျွန်တော်က... ..."
"လူတွေအများကြီး ရှိနေတာကို ဘာလို့ လျှောက်ပြေးနေတာလဲ"
စုချီက သူ၏ ရွှီးဖြန်းမည့် စကားများကို ဆက်နားမထောင်တော့ဘဲ ဖြတ်ပြောလိုက်လေသည်။
"မင်းကိုယ်မင်း အတောင်စုံသွားတဲ့ ငှက်တစ်ကောင်လို့ ထင်နေတာလား။ ဒီလူအုပ်ကြီးထဲမှာ အတောင်ပံတွေ ဖြန့်ပြီး အလှပြမလို့လား"
စုချီက တည်တံ့သော မျက်နှာ အမူအရာနှင့် မေးခွန်းများကို ဆက်တိုက်မေးလိုက်သောကြောင့် စုလုရီမှာ ဆွံ့အသွား၏။
ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီ တို့ကလည်း စုချီကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အနားသို့ လျှောက်လာကာ ငြိမ်ငြိမ်လေး ရပ်နေလိုက်ကြသည်။
စုချီက စုလုရီတစ်ယောက်တည်းကိုသာ ကြည့်၍ "မင်း ဘာလို့ ပုန်းနေတာလဲ" ဟု မေးလိုက်သည်။
စုလုရီက ပြန်မဖြေသဖြင့် "ငါ့ကို ပုန်းနေတာလား" ဟုပါ ထပ်မေးလိုက်လေ၏။
စုလုရီက လည်စည်းပုဝါထဲသို့ ခေါင်းကို ပုဝင်ကာ တိတ်ဆိတ်နေလေသည်။
သို့သော် ကြီးမားသော လက်တစ်စုံက သူ၏ လည်စည်းပုဝါကို ကိုင်၍ လူအုပ်ကြားထဲမှ ဆွဲခေါ်လာခဲ့သည်။
ထို့နောက် "မင်း ဘယ်မှာ တည်းနေတာလဲ" ဟု စုချီက မေးလိုက်သည်။
"ချန်းထုံ ဟိုတယ်မှာ" ဟု စုလုရီက ပြန်ဖြေလိုက်သည်။
စုချီက သူတည်းသောနေရာနှင့် တူနေသဖြင့် ကြိတ်ပြုံးလိုက်၏။
ထို့နောက် လေးယောက်လုံး ဟိုတယ်သို့ အတူတူ လမ်းလျှောက်၍ ပြန်လာခဲ့ကြသည်။
ပြန်လာသည့် လမ်းတစ်လျှောက်၌ စကားတစ်ခွန်းမျှ မပြောကြချေ။
ဟိုတယ်သို့ ပြန်ရောက်သည်နှင့် စုချီက စုလုရီအား ဓာတ်လှေကားအတွင်းသို့ ဆွဲသွင်းလိုက်သည်။
ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့ နှစ်ယောက်က စုချီအနောက်မှ ကပ်လိုက်၍ ဓာတ်လှေကား နံရံကို ကပ်ပြီး ရပ်နေလိုက်ကြသည်။
ထို့နောက် ဓာတ်လှေကား ခလုတ် (၁၈) ကို အရိပ်အကဲကြည့်၍ နှိပ်လိုက်လေသည်။
စုချီ တည်းနေသော အထပ်မှာ (၂၁) ထပ်မြောက် ဖြစ်သည်။
"တင်းတောင် ..."
(၁၈) ထပ်သို့ ရောက်သည့်အခါ၌ ဓာတ်လှေကားတံခါး ပွင့်သွားလေသည်။
စုလုရီက သူ၏ သူငယ်ချင်းနှစ်ယောက် အနောက်သို့ လိုက်၍ ထွက်ရန် ကြိုးစားလိုက်သော်လည်း ကော်လံမှ ကိုင်၍ အနောက်သို့ ပြန်ဆွဲခံလိုက်ရလေသည်။
"နေခဲ့ဦး"
သူ၏ သူငယ်ချင်းနှစ်ယောက်မှာ တစ်ခွန်းမျှပင် မပြောနိုင်ဘဲ စုလုရီကို စုချီ၏ လက်ထဲ၌ ထားခဲ့ကာ ထွက်သွားကြလေသည်။
(၂၁) လွှာမြောက်ကို ရောက်သည့်အခါ စုလုရီက စုချီ အနောက်သို့ ခေါင်းငိုက်စိုက်ဖြင့် လိုက်သွားတော့သည်။
"ချောက် ..."
တံခါးဖွင့်သံနှင့်အတူ ကျယ်ဝန်းလှသော အခန်းကိုလည်း မြင်လိုက်ရသည်။
ဧည့်ခန်း၌ ကြီးမားသော ပြတင်းပေါက်များရှိ၍ ရေချိုခန်းကိုမူ မှန်အကြည်များဖြင့် ကာထားလေသည်။
စုချီက သူ၏ ကော်လံကို လွှတ်ပေးကာ သူ့ရှေ့သို့ လာရပ်လေသည်။
"ငါ့ကိုပြော"
စုလုရီက စုချီ၏ အမေးကို ပြန်မဖြေဘဲ နှုတ်ဆိတ်ကာ ခေါင်းကို ငုံ့ထား၏။
"မင်း အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေးလို လုပ်နေလည်း အသုံးမဝင်ဘူးနော်" ဟု စုချီက ထပ်မံ ပြောလိုက်သည်။
စုလုရီက ကြောင်သွားသော မျက်နှာအမူအရာဖြင့် ခေါင်းမော့လာ၏။
သူ ကလေးဆိုးလေးကဲ့သို့ မည်သို့မည်ပုံ လုပ်ခဲ့မိသည်ကို မသိသော်လည်း စုချီ၏ စကားကြောင့် အကြံတစ်ခု တွေးမိလိုက်သည်။
"အစ်ကိုကြီး...အရမ်းလွမ်းနေတာ။ ဒီလောက်နီးနီးနားနားမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကံကြမ္မာက အံ့ဩစရာကောင်းလိုက်တာ" ဟု ချွဲ့နွဲ့ပြီး ပြောလေသည်။
"ဒါဆို ဘာလို့ ထွက်ပြေးနေတာလဲ"
စုချီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကျွန်တော် အရမ်းပျော်သွားလို့ ဆယ်ပတ်လောက် ပတ်ပြေးချင်သွားတာ"
စုလုရီက ဖြီးဖြန်းလိုက်၏။
သူ၏ စကားကြောင့် စုချီမှာ ပြန်ပြောစရာ စကားပင် မရှိတော့ချေ။
စုလုရီ၏ နှုတ်ခမ်းများ ခြောက်နေသည်ကို မြင်လိုက်သဖြင့် စုချီက စုလုရီထံသို့ ရေဘူးကမ်းပေးလိုက်သည်။
"ရော့၊ သောက်လိုက်ဦး"
"ကျွန်တော့်ကို ပေးတာလား" ဟု စုလုရီက အံ့ဩတကြီး လေသံဖြင့် မေးလိုက်သည်။
"မင်း နှုတ်ခမ်းတွေ ခြောက်နေတယ်"
"အိုး"
စုလုရီက လျှာကို ထုတ်၍ နှုတ်ခမ်းကို လျှက်ကာ စိုအောင် လုပ်လိုက်သည်။
"မင်း လျှက်နေလည်း ပိုခြောက်လာရုံပဲ ရှိမှာ။ ရေပဲသောက်လိုက်" ဟု စုချီက ပြောလိုက်သည်။
စုလုရီက ခဏတာ တွေဝေသွား၍ စုချီအား မေးလိုက်၏။
"ဒါဆို ရုပ်ရှင်ထဲမှာ နှုတ်ခမ်းကို စိုအောင် နမ်းပေးမယ် ဆိုပြီး ပြောနေတာက အမှားကြီးပေါ့နော်"
စုလုရီ မည်သည့် ရုပ်ရှင်များကို ကြည့်၍ မေးနေသည်ကို မသိသော်လည်း စုချီက "အဲ့ဒါတွေ အကုန်လုံးက ယောက်ျားလေးတွေရဲ့ ဆင်ခြေပဲကွ။ နားလည်လား"
စုလုရီက ခေါင်းကိုညိတ်၍ "နားလည်ပြီ၊ နားလည်ပြီ" ဟု ပြန်ဖြေလိုက်သည်။
နှစ်ယောက်သား ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြ၍ စု
ချီက စုလုရီကို သတိပေးလိုက်၏။
"ပျော်တာက ပျော်လို့ရတယ်။ ဒါပေမယ့် လူများတဲ့နေရာတွေကို သိပ်မသွားနဲ့။ အရင်နှစ်တွေက မတော်တဆတွေ ဘယ်လောက်တောင် ဖြစ်ခဲ့လဲဆိုတာ မင်းသိလား"
စုလုရီက စုချီ စိတ်ချစေရန် ကတိတွေ အထပ်ထပ်ပေးလေတော့သည်။
အချိန်ကား ညကိုးနာရီရှိလေပြီ။
စုလုရီက မအိပ်ခင် ရေချိုးတတ်သောကြောင့် စုချီ၏ ရေချိုးကန်ကို မျက်စိကျသွားခဲ့၏။
"အစ်ကိုကြီး တစ်ယောက်တည်းပဲ နေတာလား"
"မဟုတ်ရင် မင်း တခြားသူတွေကို တွေ့လို့လား"
"ကျွန်တော် အစ်ကိုကြီးဆီမှာ ရေချိုးသွားလို့ ရမလား"
စုလုရီ၏ အခန်းထဲရှိ ရေချိုးကန်မှာ လှေပုံစံဖြစ်၍ မျက်နှာချင်းဆိုင်၌ မှန်အကြီးကြီး ရှိနေသည်။
ထို့ကြောင့် ရေချိုးသည့် အချိန်တိုင်း ထူးဆန်းသည်ဟု ခံစားနေရသည်။
ယခု စုချီ၏ ရေချိုးကန်မှာ လုံးဝန်း၍ အထက်တန်းဆန်၏။
စုချီမှာ အမြဲတမ်း ရေပန်းနှင့်သာ ရေချိုးတတ်သည်ကို သိသဖြင့် ရေချိုးကန်ကို မသုံးလျှင် ဖြုံးတီးရာ ကျပေလိမ့်မည်။
"ဒီနေရာက ရေချိုးစင်တာ (center) လား"
စုချီက ခနဲ့၍ မေးလိုက်သည်။
"ကျွန်တော့်ရဲ့ အခန်းထဲက ရေချိုးကန်ရဲ့ မျက်နှာချင်းဆိုင်မှာ မှန်ကြီးရှိနေတော့ ကိုယ့်ကိုယ်ကို ပြန်မြင်ရတာ အဆင်မပြေလို့"
စုလုရီက ချွဲ့ချွဲ့နွဲ့နွဲ့ တောင်းဆိုလိုက်သည်။
"ဘာလို့ မှန်ကြီးထားထားလဲ မသိပါဘူး" ဟုလည်း စုလုရီက စိတ်ပျက်လက်ပျက် ပြောလိုက်၏။
စုချီက အကြောင်းရင်းကို သိသော်လည်း စုလုရီကို နောက်ချင်သဖြင့် "မင်းကိုယ်မင်း ဆေးထားတာ သေချာပြောင်ရဲ့လားဆိုတာ ကြည့်လို့ရအောင်လို့" ဟု ပြန်ပြောလိုက်သည်။
ရေချိုးခန်းနံရံမှာ မှန်အကြည်များဖြင့် ကာထားသော်လည်း ခလုတ်ဖြင့် အတင်အချ လုပ်နိုင်သောလိုက်ကာကို တပ်ဆင်ထားသည်။
စုလုရီ ရေချိုးခန်းထဲသို့ ဝင်သွားသောအခါ စုချီက လိုက်ကာကို အောက်ချလိုက်၏။
အစ်ကိုကြီးကောင်း တစ်ယောက်အနေနှင့် ညီငယ်လေး၏ အတွင်းရေးကို လေးစားရမည် ဖြစ်သည်။
ဆယ်မိနစ်ကြာပြီးနောက် စုလုရီ ချော်လဲလေသည်။
စုလုရီ၏ ချော်လဲသံကို မကြားခင်အထိ စုချီက ဧည့်ခန်း၌ ထိုင်၍ ခရီးသွားမဂ္ဂဇင်းကို ဖတ်နေသည်။
"ဘုန်း" ဟူသော အသံကြားမှသာ စုချီက လှည့်ကြည့်လိုက်လေ၏။
လိုက်ကာ ချထားသော်လည်း အောက်ခြေအထိ မလုံပေ။
ထို့နောက် စုလုရီက ရေချိုးကန်ထဲသို့ ကုန်းဝင်နေသည့် မြင်ကွင်းကို မြင်လိုက်ရလေတော့သည်။
စုချီက အလျင်အမြန် မျက်နှာလွှဲကာ မဂ္ဂဇင်းကို ချ၍ အိပ်ခန်းထဲသို့ ဝင်သွားတော့၏။
အချိန်အတော်ကြာ ရေစိမ်ပြီးမှသာ စုလုရီက ရေချိုးခန်းမှ ထွက်လာသည်။
ထို့နောက် စုချီကို မတွေ့သဖြင့် လိုက်ရှာတော့သည်။
စုချီက သူ၏အိပ်ခန်းထဲရှိ အိပ်ယာပေါ်၌ တံခါးပေါက်ကို ကျောပေးထိုင်၍ ဖုန်းသုံးနေ၏။
စုလုရီက အခန်းတံခါးကို ခေါက်၍ "ကျွန်တော်
ရေချိုးပြီးပြီနော်၊ အစ်ကိုကြီး" ဟု ပြောလိုက်သည်။
"မနက်ဖြန်ရော လာလို့ရလား" ဟုပါ ထပ်မေးလိုက်သည်။
စုချီက အချိန်အနည်းငယ် တိတ်ဆိတ်သွား၍ "မရဘူး" ဟု ပြန်ပြောလိုက်၏။
"ဘာလို့လဲ"
"ရေချိုးကန်က တစ်ခါသုံးမို့လို့"
စုလုရီက ဆွံ့အသွားကာ သူ၏ အခန်းထဲသို့ ပြန်လာခဲ့သည်။
သူ၏ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အနောက်မှ ကျိုးချင်းချန်၏ အသံကို ကြားလိုက်ရသည်။
"စုချီ၊ မင်းကို ဘာတွေပြောသေးလဲ"
စုလုရီက နီမြန်းနေသော မျက်နှာဖြင့် လှည့်ကာ "ဘာပြောရမှာလဲ" ဟု ပြန်မေးလိုက်သည်။
ကျိုးချင်းချန်က အနည်းငယ်မျှ ရပ်ကြည့်ပြီး စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် "မင်းကို ကြည့်ရတာ အမဓာတ် အပြည့်နဲ့ ပြန်လာသလိုပဲ" ဟုပြောလိုက်သည်။
"ဘာကွ"
နောက်တစ်နေ့၌ ရှေးဟောင်းလမ်းမများ၌ သုံးယောက်သား ဈေးဝယ်ထွက်ကြသည်။
လမ်းများပေါ်၌ သရေစာမျိုးစုံနှင့် လက်မှုပစွည်းဆိုင်များလည်း အများအပြား ရှိနေကြသည်။
စုလုရီက အမှတ်တရ ပစ္စည်း ဝယ်သွားရန် စီစဉ်လိုက်၏။
မနက်စာကို ဟိုတယ်၌ ပြန်စားခဲ့ကြသည်။
သူတို့ ဟိုတယ်မှ ပြန်ထွက်လာသောအချိန်တွင် ရှောင်ချင်နှင့် ဆုံလေ၏။ စုချီတော့ ဘေး၌ မရှိပေ။
ရှောင်ချင်က စုလုရီကို တွေ့သောအခါ "ဟယ်လို သခင်လေး စု" ဟု နှုတ်ဆက်လိုက်သည်။
စုလုရီကလည်း "ဟယ်လို အတွင်းရေးမှူး ချင်...မတွေ့တာ ကြာပြီနော်။ သတိရနေတာ" ဟု ပြန်နှုတ်ဆက်လိုက်သည်။
"သတိရပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး" ဟု ပြောရင်း ရှောင်ချင်း၏ အကြည့်များက တစ်ဖက်သို့ ရောက်သွားခဲ့သည်။
စုချီက သူတို့သုံးယောက် အနောက်မှ ပေါ်လာ၍ "မင်းတို့ ဘာတွေ ပြောနေကြတာလဲ" ဟု မေးလိုက်သည်။
စုလုရီက သူ့အမေးကို မဖြေဘဲ "အစ်ကိုကြီး၊ ကျွန်တော်တို့နဲ့ လိုက်မလား" ဟု မေးလိုက်၏။
စုချီက စုလုရီ၏ ထောင်နေသော ဆံပင်မွှေးကို သပ်ချပေးရင်း "မင်းတို့ဘာသာ မင်းတို့ပဲ သွားကြ။ သတိတော့ထားနော်" ဟု ပြောလိုက်သည်။
စုချီနှင့် လမ်းခွဲပြီးနောက် သုံးယောက်သား ရှေးဟောင်းလမ်းများ ဘက်သို့ ထပ်မံ ထွက်လာခဲ့ကြသည်။
ထို့နောက် ရှေးဟောင်းလမ်းများပေါ်ရှိ မုန့်ဆိုင်များတွင် တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်စားနေခဲ့ကြ၏။
ရာသီဥတုက သာယာနေသဖြင့် စုလုရီက လည်စည်းမပတ်တော့ဘဲ ကုတ်အင်္ကျီကိုသာ ဝတ်ဆင်လာခဲ့သဖြင့် သူ၏ လည်ပင်းပေါ်ရှိ မှဲ့နီလေးမှာ ပေါ်လွင်နေသည်။
စွင်းဟဲ့ယွီက သတိထားမိ၍ "မင်းမှာ မှဲ့ကောင်းကောင်း ရှိတာပဲ" ဟုပြောလိုက်၏။
လမ်းမပေါ်များ၌ တစ်နေကုန် လျှောက်ပတ်၍ နေဝင်လာသည့်အခါတွင် စုလုရီ၏ လက်ထဲ၌လည်း အိမ်ပြန် လက်ဆောင်ပစ္စည်းများ စုံလင်နေလေသည်။
စွင်းဟဲ့ယွီက စပ်စု၍ "ဒီအိတ်အကြီးဆုံးက ဘယ်သူ့အတွက်လဲ" လို့ မေးလိုက်သည်။
"အစ်ကိုကြီးအတွက်"
"သူက ဒီကိုရောက်နေတာတောင် မင်းက တခြားလူတွေထက် သူ့ကို အကြီးဆုံး ပေးမလို့လား"
"ဟုတ်တယ်လေ။ တခြားလူတွေဟာက ငါ့အိတ်ထဲ ထည့်သွားရမှာ။ အစ်ကိုကြီးဟာက သူ့အိတ်ထဲထည့်ပြီး သူ့ဘာသာသူ သယ်သွားရုံပဲလေ"
စွင်းဟဲ့ယွီ ဆွံ့အသွားလေသည်။
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ကျိုးချင်းချန်၏ အခန်း၌ ဖဲကစားကြသည်။
ညကိုးနာရီ ထိုးသည်အထိ ကစားပြီးနောက် စုလုရီက ရေချိုးရန် အတွက် စုချီကို စာပို့လိုက်၏။
စုလုရီ - "အစ်ကိုကြီး၊ ပြန်ရောက်နေပြီလား"
စုချီ - "အခန်းထဲမှာ ဘာလို့လဲ"
စုလုရီ - "ကျွန်တော် အခု အဲ့ကို လာပြီး ရေချိုးလို့ရမလား"
စုချီ - "မရဘူး"
စုလုရီ - "(မဲ့နေသော emoji)"
စုလုရီ ငိုင်ကြသွားသည်ကို မြင်သော ကျိုးချင်းချန်က "မင်း နိုင်နေတဲ့ဟာကို မပျော်ဘူးလား" ဟု မေးလိုက်သည်။
စုလုရီက သူ၏ ရေချိုးခန်း၌ ချိုးရသည်မှာ အဆင်မပြေသည့် အကြောင်းကို ပြောပြလိုက်သည်။
ထို့နောက် မတ်တတ်ထရပ်ကာ "ငါ ရေချိုးပြီးရင် ပြန်လာခဲ့မယ်နော်" ဟုပြောပြီး ထွက်သွားတော့သည်။
စွင်းဟဲ့ယွီက ဖဲချပ်များကို မွှေနေရင်း စုလုရီ၏ ဖုန်းကို မြင်သွားတော့သည်။
"စုလုရီ ဖုန်းကျန်ခဲ့တာပဲ"
"သူ ပြန်လာမှာပဲဟာကို ထားလိုက်စမ်းပါ" ဟု ကျိုး
ချင်းချန်က ပြန်ပြောလိုက်၏။
စုချီက အလုပ်လုပ်နေရင်း စုလုရီထံ "ဒီကို လာခဲ့" ဟူသော စာကို ပို့လိုက်သည်။
သို့သော် အတန်ကြာသည်အထိ ပြန်စာ မရသဖြင့် ဖုန်းခေါ်လိုက်လေ၏။
ကျိုးချင်းချန်က ဖုန်းကိုင်လိုက်၍ "ဟယ်လို စုချီ။ စုလုရီ ရေချိုးနေတယ်..."
စကားမဆုံးမီပင် စုချီက ဖုန်းကိုချ၍ တံခါးပေါက်သို့ ထွက်လာလိုက်သည်။
...…….................................
.........................................
အပိုင်း (၂၄) ပြီးပါပြီ။