Chapter 36

5.1K 620 4
                                    

စုလုရီ
အပိုင်း (၃၆) လိပ်သားဟင်း


စုလုရီက ဖုန်းကို ချလိုက်ပြီး "အစ်ကိုကြီးက ဘာလုပ်မလို့ပါလိမ့်။ အတူတူ စားပြီး ရင်းနှီးအောင် လုပ်မလို့လား မသိဘူး" ဟု ရေရွတ်လိုက်၏။

စုကျန်းချန်က "မသိဘူးလေ။ အလုပ်နေရာ ရုတ်တရက် ပြောင်းသွားတာလည်း ဖြစ်မှာပေါ့" ဟု ပြန်ပြောလိုက်သည်။

"အင်း၊ ဟုတ်လောက်မယ်"

ကားလမ်းများ မပိတ်၍ စားသောက်ဆိုင်သို့ ဆယ်မိနစ်စောကာ ရောက်သွားလေ၏။

စုလုရီနှင့် စုကျန်းချန်တို့ အစားအသောက် မှာပြီး မကြာမီတွင် စုချီ ရောက်လာခဲ့သည်။

စားပွဲခုံမှာ လေးယောက်ထိုင် ဖြစ်ပြီး နံရံဘက်တွင် ကပ်ထားသဖြင့် စုကျန်းချန်က အတွင်းသို့ ပြောင်းထိုင်ကာ စုချီကို နေရာဖယ်ပေးလိုက်၏။

စုချီက မီနူးကို ယူကာ အစားအသောက် မှာလိုက်သည်။

ညီအစ်ကို နှစ်ယောက် စကားပြောနေချိန်၌ စုလုရီက သူ၏ ကိတ်ကိုသာ အာရုံစိုက်ပြီး စားနေလေ၏။

အစက သူတစ်ယောက်တည်း စုကျန်းချန်နှင့် ထိုင်စားရမည်ကို တစ်မျိုး ဖြစ်နေသော်လည်း စုချီပါ ရောက်လာသဖြင့် စိတ်အေးသွားခဲ့သည်။

ထိုင်ခုံကို သားရေဖြင့် ခင်းထားပြီး စုလုရီ၏ ဝတ်စုံမှာ ချည်ချော ဖြစ်နေသဖြင့် ချော်ကျလေ၏။

ထိုင်ခုံပေါ်မှ ချောကျပြီး စားပွဲခုံနှင့် ခေါင်းဆောင့်မိတော့မည့် အချိန်၌ စုချီက သူ၏ ကော်လံကို ဆွဲလိုက်သဖြင့် ကံကောင်းသွားလေသည်။

ထိုအချိန်၌ တစ်ဖက်တွင် ထိုင်နေသော စုကျန်းချန်က စုလုရီ၏ ကော်လံ တွန့်ကြေသွားသည်ကို တွေ့လိုက်သဖြင့် "အစ်ကိုကြီး၊ နောက်တစ်ခါကျရင် သူ့ဆံပင်ကနေ ဆွဲထားလိုက်။ မဟုတ်ရင် အဝတ်အစားတွေ ပျက်စီးလိမ့်မယ်" ဟု ပြောလိုက်၏။

စုလုရီက မယုံနိုင်သော အကြည့်ဖြင့် ကြည့်ကာ "ငါ့ဆံပင်ကျတော့ အသစ်ပြန်လဲလို့ ရနေတာ ကျနေတာပဲ" ဟု‌ စိတ်ထဲမှ ရေရွတ်လိုက်သည်။

စုချီက ကော်လံကို ပြန်ဖြန့်ပေးကာ "ကိုင်ထားဖို့ကို ချောနေလို့" ဟု ပြန်ပြောလိုက်၏။

ထို့နောက် အစားအသောက်များ လာချသဖြင့် စုလုရီက ပန်းကန်လုံးကို ယူကာ ငုံ့စားတော့သည်။

ကျန်သည့် ညီအစ်ကို နှစ်ယောက်မှာမူ ခါးကို မတ်ကာ ဟန်မပျက်ဘဲ ဖြည်းဖြည်းချင်း စားနေကြ၏။

စားသောက်ပြီး တစ်ဝက်‌သို့ ရောက်သောအခါ စုလုရီက "ကျွန်တော် မကောင်းတာ စားလိုက်မိပြန်ပြီ ထင်တယ်။ ကျွန်တော့်‌ ဗိုက်ကြီး တင်းပြီး ပူလာတယ်" ဟု မသာမယာ မျက်နှာဖြင့် ထပြောလိုက်သည်။

ထိုအခါ စုချီက စုလုရီ၏ ဗိုက်ကို စမ်းကာ "မင်း အများကြီး စားလိုက်လို့ ပူလာတာပါ" ဟု ပြောလိုက်၏။

ထို့ကြောင့် စုလုရီက ရှက်ပြီး တူကို ကောက်ကိုင်ကာ ဆက်စားနေလိုက်သည်။

ရုပ်ရှင် စရန် အချိန် နီးလာပြီ ဖြစ်သဖြင့် ပိုက်ဆံ ရှင်းကာ သုံးယောက်သား စားသောက်ဆိုင်မှ ထွက်လာခဲ့ကြ၏။

စုလုရီနှင့် စုကျန်းချန်က စုချီကို နှုတ်ဆက်ပြီး ရုပ်ရှင်ရုံဆီသို့ ဦးတည်လိုက်ကြသည်။

ရုပ်ရှင်ရုံ အနားသို့ ရောက်‌သည့်အခါ စုလုရီက နောက်သို့ လှည့်ကြည့်လိုက်ရာ စုချီက စားသောက်ဆိုင် ဝင်ပေါက်၌ပင် ရပ်နေသေးကြောင်းကို တွေ့လိုက်ရ၏။

ရုပ်ရှင်ရုံထဲ၌ နေရာယူပြီးနောက် စုချီ၏ ပုံစံကို မျက်လုံးထဲ၌ မြင်နေသေးသဖြင့် စုလုရီက စုကျန်းချန်ထံမှ အကြံ‌ဉာဏ် တောင်းလိုက်သည်။

"တကယ်လို့ အစ်ကို (၂) က သူငယ်ချင်းတွေနဲ့ မုန့်သွားစားပြီးလို့ ဆိုင်ကနေ အတူတူ ထွက်လာပြီးမှ သူတို့က ပြန်သွားပြီးတာတောင် အစ်ကို (၂) က မပြန်ဘဲ ဆက်နေ,နေသေးတာ ဘာဖြစ်လို့လဲ"

"ဗိုက် မပြည့်သေးလို့ပေါ့။ အဲ့ဒါကြောင့် သူတို့ပြန်သွားပြီးမှ ထပ်စားမလို့ နေနေတာ"

"ဪ၊ ဟုတ်လား"

ရုပ်ရှင်မှာ စုကျန်းချန် အကြိုက် သိပ္ပံ ဇာတ်ကား အမျိုးအစား ဖြစ်သဖြင့် စုကျန်းချန်က စိတ်လှုပ်ရှားစွာ ကြည့်နေ၏။

စုလုရိီကလည်း ရုပ်ရှင်အပြီး၌ စုကျန်းချန်နှင့် ပိုရင်းနှီးလာသည်ဟု ခံစားလိုက်ရသည်။

စုကျန်းချန်က ရုပ်ရှင်ပြီးသောအခါ စုချီကို စာပို့လိုက်၏။

စုချိီကလည်း အလုပ်ကိစ္စ ပြီးသွားပြီ ဆိုသဖြင့် အိမ်သို့ အတူတူ ပြန်ရန် စောင့်နေလိုက်ကြသည်။

ခဏကြာပြီးနောက် စုချီ ရောက်လာကာ စုချီ၏ မျက်နှာမှာ မသာမယာ ဖြစ်နေသည့်အပြင် ကော်ဖီနံ့များပါ ရနေသည်ကို စုလုရီက သတိထားမိလိုက်၏။

"အစ်ကိုကြီး၊ ကော်ဖီဆိုင်မှာ အကြာကြီး ထိုင်လာတာလား"

စုလုရီ၏ အမေးကို စုချိီက ပြန်မဖြေသဖြင့် ထပ်မမေးတော့ဘဲ စုချီ၏ နောက်မှ ကပ်လိုက်သွားတော့သည်။

စုကျန်းချန်ကိုလည်း "အစ်ကို (၂)၊ ကျွန်တော် အစ်ကိုကြီးကားနဲ့ပဲ လိုက်ပြန်လိုက်တော့မယ်နော်" ဟု ပြောကာ နှုတ်ဆက်လိုက်၏။

သူ၏ စကားကို ကြားလိုက်သောအခါ စုချီက အရှိန်လျှော့သွားပြီး စုလုရီကို စောင့်ခေါ်လေသည်။

အိမ်သို့ ပြန်ရောက်သောအခါ ည (၁၀) နာရီပင် ထိုးနေပြီ ဖြစ်၏။

စုကျန်းချန်က စုလုရီတို့ကို နှုတ်ဆက်ကာ ရေချိုးရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။

စုလုရီက စုချီ၏ လက်ကို လှမ်းဆွဲလိုက်ပြီး "အစ်ကိုကြီး၊ ဗိုက်ဆာနေတုန်းပဲ မလား။ အဝတ်အစားလဲပြီးရင် ပြန်ဆင်းလာခဲ့နော်။ ကျွန်တော် တစ်ခုခု လုပ်ပေးထားမယ်" ဟု ပြောလိုက်၏။

စုချီ အဝတ်အစားလဲပြီး ပြန်ဆင်းလာသောအခါ စုလုရီက ခေါက်ဆွဲပြုတ်ရင်း အလုပ်ရှုပ်နေသည်ကို တွေ့လိုက်သည်။

ခေါက်ဆွဲပြုတ် ရသွားသောအခါ စုလုရီက ပန်းကန်ထဲသို့ လောင်းထည့်လိုက်ပြီး စားပွဲပေါ်သို့ သယ်လာကာ "အစ်ကိုကြီး၊ လာစားတော့" ဟု စုချီကို လှမ်းခေါ်လေ၏။

စုချီက စားပွဲ၌ ဝင်ထိုင်ကာ ခေါက်ဆွဲပြုတ်ကို စားလိုက်သည်။

"စားကောင်းလား၊ အစ်ကိုကြီး"

"မကောင်းဘူး"

"... ..."

ခေါက်ဆွဲပြုတ် စားပြီးသောအခါ စုလုရီက စုချီ၏ နောက်မှ အပေါ်သို့ လိုက်တက်ကာ "အစ်ကိုကြီး၊ နောက်တစ်ခါ ဗိုက်ဆာရင် ကျွန်တော့်ကို လာပြောနော်။ ကျွန်တော် ထပ်လုပ်ပေးမယ်" ဟု ပြောလိုက်၏။

"ဖြစ်နိုင်တာပဲ ပြောပါကွာ" ဟု ပြောကာ စုချိီက အခန်းထဲသို့ ဝင်သွားတော့သည်။

နိုဝင်ဘာလ နှောင်းပိုင်း၌ အပူချိန်က အနုတ် (၁၀) ဒီဂရီ စင်တီဂရိတ်အထိ ကျလာခဲ့၏။

စုကျစ်ထုံက လိပ်တစ်ကောင်ကို သယ်လာကာ ဝူမကို ချက်ခိုင်းလိုက်သည်။

ညစာ စားသည့်အချိန်၌ ဝူမ ချက်ထားသော လိပ်ဟင်းမှာ စားချင်စဖွယ် ဖြစ်နေ၏။

စုလုရီက အားရပါးရ စားနေသဖြင့် စုကျစ်ထုံက ...

"စား စား၊ သားငယ်လေး။ များများ စားမှ ခန္ဓာကိုယ်အတွက် ပိုကောင်းမှာ" ဟု ပြောလိုက်သည်။

စုလုရီက လိပ်သားကို ထပ်နှိုက်လိုက်သဖြင့် စုချီက "အလွန်အကျွံ စားရင် နှာခေါင်းသွေး လျှံလာမယ်နော်" ဟု သတိပေးလိုက်၏။

ထို့ကြောင့် စုလုရီက မစားတော့ဘဲ စုချီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ကာ "အစ်ကိုကြီးပဲ စားလိုက်တော့" ဟု ပြောလိုက်တော့သည်။

"ငါကျတော့ နှာခေါင်းသွေး လျှံရင် လျှံပါစေပေါ့၊ ဟုတ်လား"

"ဟုတ်ပါဘူး။ အစ်ကိုကြီးက နှာခေါင်းသွေး လျှံမှာမဟုတ်ပါဘူး"

စုချီက ဆက်၍ မငြင်းခုံချင်တော့သဖြင့် လိပ်သားဟင်းကိုသာ ငုံ့စားနေလိုက်တော့၏။

နောက်တစ်နေ့မနက် အိပ်ယာထသောအခါ စုလုရီက လိပ်သားဟင်းကြောင့် နွေးထွေးနေသည်ကို ခံစားလိုက်ရသည်။

အဝတ်အစား လဲပြီး အောက်သို့ ဆင်းလာသောအခါ စုချိီကို မတွေ့ပေ။

စုကျစ်ထုံက သွားခေါ်ခိုင်းသဖြင့် စုချီ၏ အခန်းသို့ အလျင်အမြန် ပြေးလွှားကာ ရောက်သွားသည်။

အခန်းတံခါးခေါက်သော်လည်း စုချီက ပြန်မထူးသဖြင့် စိတ်ပူကာ အခန်းထဲသို့ ဝင်သွားလေ၏။

သို့သော် အခန်းထဲ၌ ရှုပ်ပွကာ စုချီကိုလည်း မတွေ့ပေ။

ထို့ကြောင့် ရေချိုးခန်းထဲ၌ မူးလဲနေမည်ကို စိုးရိမ်သဖြင့် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။

ရေချိုးခန်းအဝသို့ ရောက်သောအခါ စုချီ၏ ညည်းသံ တိုးတိုးလေးကို ကြားလိုက်ရ၏။


...…….................................
.........................................


အပိုင်း (၃၆) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now