စုလုရီ
အပိုင်း (၅၅) ပါတီသို့ သွားခြင်း
လက်ကောက်ဝတ်ကို ကိုင်ထားသော အားမှာ လျော့သွားသဖြင့် စုလုရီက လက်ကို ရုန်းထွက်လိုက်သည်။
အစေခံက တံခါးကို ဖွင့်ကာ ဝင်လာပြီး "သခင်လေး၊ ဘာဖြစ်လို့လဲရှင့်။ ဪ၊ သခင်လေး ၁ လည်း ရှိနေတာပဲ"
စုလုရီနှင့် စုချီက မျက်နှာချင်းဆိုင် ရပ်နေကြပြီး စုလုရီက ခေါင်းငုံ့နေသဖြင့် အစေခံက အဆူခံထားရခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။
"သခင်လေးတို့၊ ဘာဖြစ်လို့လဲ ဟင်"
"ဘာမှ မဖြစ်ဘူး။ သူက မိုက်ခရိုဝေ့ကို မသုံးတတ်လို့ ငါ ရောက်လာတာ" ဟု စုချီက အစေခံကို လှမ်းပြောလိုက်၏။
"ပြန်ပြီး နားလိုက်တော့" ဟု စုချီက ထပ်ပြောလိုက်သဖြင့် အစေခံက ပြန်လှည့်သွားလေသည်။
ထို့ကြောင့် မီးဖိုခန်းထဲ၌ စုချီနှင့် စုလုရီတို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။
"အစ်ကိုကြီး၊ ဘာလို့ ကျွန်တော့်ကို မလွှတ်ပေးတာလဲ"
"ဆွဲထားတော့ရော၊ ဘာဖြစ်လို့လဲ"
"ဆွဲလား၊ ရမ်းလား လုပ်နေတယ်ဆိုပြီး သူ မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"သူတို့က မင်း ငါ့ လက်မောင်းအောက် ရောက်ရောက်နေတာကိုကျ မမြင်ဘူးဆိုတော့"
"..."
ထို့နောက် စုချီက ခွက်လဲပေးပြီး မိုက်ခရိုဝေ့ထဲသို့ ပြန်ထည့်ပေးလိုက်ကာ "မင်း ငါ့ နာမည်ကို ခေါ်လိုက်တာလား" ဟု စုလုရီကို မေးလိုက်သည်။
စုလုရီက စုချီ သတိမထားမိဘူး ထင်သော်လည်း စုချီက ထိုသို့ မေးလိုက်သဖြင့် စုလုရီက ထိတ်လန့်
သွား၏။
စုလုရီက မှားသွားမှန်း သိသဖြင့် ခေါင်းငုံ့ကာ "အစ်ကိုကြီး၊ ကျွန်တော်..." ဟု စပြောလိုက်သောအခါ စုချီက "နောက်လည်း အဲ့လိုပဲ ခေါ်။ ငါကြိုက်တယ်" ဟု ပြောလိုက်သည်။
စုလုရီက အံ့ဩသွားပြီး စုချီကို မော့ကြည့်လိုက်ရာ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြပြီး မိုက်ခရိုဝေ့အသံ ကြားမှ အကြည့်ချင်း လွှဲသွားကြတော့၏။
စုချီက မိုက်ခရိုဝေ့ထဲမှ ဖန်ခွက်ကို ထုတ်လိုက်ပြီး စုလုရီထံ ကမ်းပေးကာ "သောက်လိုက်" ဟု ပြောလိုက်သည်။
စုလုရီက ဖန်ခွက်ကို လှမ်းယူပြီး တစ်ငုံ ငုံ့သောက်လိုက်ကာ "ကျွန်တော် အစ်ကိုကြီးကို အစ်ကိုကြီးလို့ပဲ ခေါ်မှာပါ" ဟု ပြန်ပြောလိုက်၏။
"ငါ့ကို လူရှေ့မှာ အစ်ကိုကြီးလို့ ခေါ်ပြီး နောက်ကွယ်ကျမှ ကြိုက်သလိုခေါ်ပေါ့"
"ကျွန်တော် နောက်ကွယ်ကျရင်လည်း အစ်ကိုကြီးလို့ပဲ ခေါ်မှာ"
စုချီက ပြုံးကာ လှည့်ထွက်သွားသည်။
နောက်တစ်နေ့ မနက် စုလုရီက မနက်စာ စားရန် ဆင်းလာသောအခါ စုချီက ညအိပ် ဝတ်စုံ ဝတ်ထားသေးကြောင်း တွေ့လိုက်ရသဖြင့် "အစ်ကိုကြီး၊ ဘာလို့ အဝတ် မလဲသေးတာလဲ" ဟု မေးလိုက်၏။
"အလုပ် ပြီးပြီလေ။ ဘာလို့ ကုမ္ပဏီကို သွားနေဦးမှာလဲ။ အိမ်မှာပဲ နေမှာပေါ့။ မင်း အပြင်သွားချင်ရင် ငါ လိုက်ပို့ပေးမယ်"
ထို့ကြောင့် စုလုရီက မနက်စာ စားပြီးသွားသောအခါ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လှဲရင်း ဖုန်းသုံးနေတော့သည်။
စုချီက အပေါ်ထပ်ရှိ သူ၏ ဖုန်းကို တက်ယူလိုက်ပြီး စုလုရီ၏ ဘေး မနီးမဝေးတွင် ထိုင်ချလိုက်၏။
နှစ်ယောက်သား ဆိုဖာပေါ်တွင် နေ့လည် မတိုင်ခင်အထိ ထိုင်နေကြပြီး စုလုရီ၏ ဖုန်းဆီ ရုတ်တရက် စာဝင်လာသည်။
စွင်းဟဲ့ယွီ - "ခွန်ဝိုင်ရဲ့ ရောင်းအားက (၇၀)% တက်လာလို့ ငွေလွှဲ ပေးလိုက်တယ်နော်။ နွေရာသီ ပြီးရင် နှစ်ဆ တက်လာလိမ့်မယ်"
ကျိုးချင်းချန် - "ဝိုး...ဒါဆို အောင်ပွဲခံရမှာပေါ့။ စုလုရီ ဒီမှာ မရှိတာ နှမြောစရာပဲကွာ"
စုလုရီ - "ငါ ဒီရက်ပိုင်း ပြန်ရောက်နေတယ်"
ကျိုးချင်းချန် - "ပြန်ရောက်နေတာ ဘာလို့ မပြောတာလဲ။ နေ့လည်ကျရင် ထွက်လာခဲ့လေ။ ငါ့သူငယ်ချင်းတွေနဲ့ အတူတူ သီချင်းဆိုဖို့ ချိန်းထားတယ်"
စုလုရီ - "ခဏလေးနော်"
စုလုရီက ဖုန်းကို ချကာ "အစ်ကိုကြီး၊ ကျိုးချင်းချန်တို့က ကျွန်တော့်ကို နေ့လည်ကျရင် လာဖို့ခေါ်ထားတယ်" ဟု စုချီကို ပြောလိုက်သည်။
"မင်း သွားချင်ရင် သွားလေ"
"အင်း"
"မင်း ငါ့ကိုရော လိုက်စေချင်လား"
စုချီ၏ အမေးကြောင့် စုလုရီက အနည်းငယ် တုံ့ဆိုင်းသွားကာ စုချီကို အိမ်၌ တစ်ယောက်တည်း ထားခဲ့လျှင် မကောင်းသဖြင့် "အစ်ကိုကြီး လိုက်ချင်ရင် ကျွန်တော် ကျိုးချင်းချန်တို့ကို မေးလိုက်ဦးမယ်နော်" ဟု ပြောလိုက်၏။
"အင်း၊ ပြောလိုက်လေ"
"ဟုတ်"
စုလုရီက ကျိုးချင်းချန်တို့ကို စုချီ လိုက်မည်ဟု လှမ်းပြောလိုက်သောအခါ ...
ကျိုးချင်းချန် - "စုချီ လိုက်မယ်၊ ဟုတ်လား။ စုချီက လူငယ်တွေရဲ့ ပါတီကို လိုက်မယ်ပေါ့လေ"
စုလုရီ - "လူငယ်တွေဆိုတာ ဘာသဘောလဲ။ ငါ့အစ်ကိုကြီးက အဲ့လောက် အသက် မကြီးသေးပါဘူးဟ"
ကျိုးချင်းချန်က လိပ်စာနှင့် အချိန်ကို ပြောပြီး စုချီကိုပါ လူငယ်ဆန်ဆန် အဝတ်အစား ဝတ်လာခိုင်းရန် စုလုရီကို မှာလိုက်သည်။
...
ပါတီပွဲမှာ နေ့လည် (၂) နာရီ စမည် ဖြစ်သဖြင့် နေ့လည်စာ စားပြီးသောအခါ စုလုရီက သွားရန် အဆင်သင့် ပြင်လိုက်၏။
"အစ်ကိုကြီး၊ ဘာ ဝတ်မှာလဲဟင်"
"မင်းက ငါ ဝတ်စုံ အပြည့်နဲ့ လိုက်မယ်လို့ ထင်လို့လား"
စုလုရီက ရှက်သွားကာ ခေါင်းငုံ့ပြီး သူ၏ အခန်းထဲသို့ ဝင်သွားတော့သည်။
စုလုရီက နက်ပြာရောင် ဂျပ်ကတ်ကို လဲပြီးသောအခါ စုချီ၏ အခန်းတံခါးကို ခေါက်ပြီး "အစ်ကိုကြီး၊ ပြီးပြီလား" ဟု မေးလိုက်၏။
"မင်း ငါ့ကို စောင့်နေတာလား"
"အဝတ်အစား ရှာမတွေ့လို့လား၊ အစ်ကိုကြီး"
စုချီက အဝတ်ဗီဒိုကို ဖွင့်လိုက်သောအခါ စုလုရီက သူ၏ စကား မှားသွားကြောင်းကို သိလိုက်သည်။
စုချီက နက်ပြာရောင် ဆွယ်တာကို ယူထုတ်လိုက်ပြီး ငါးမိနစ်အတွင်း လဲဝတ်လိုက်၏။
စုချီက စုလုရီကို မရှောင်ဘဲ စုလုရီကို ကျောခိုင်းပြီး အင်္ကျီကို ချွတ်ကာ ကောက်လဲလိုက်သည်။
စုလုရီက မကြည့်ရဲသဖြင့် ခေါင်းကို ငုံ့ထားသော်လည်း မျက်လုံးထောင့်မှ စုချီ၏ တောင့်တင်းသော ကျောပြင်ကို မြင်နေရသေး၏။
စုချီက ပြန်လှည့်လာပြီးနောက် "သွားကြမယ်" ဟုပြောကာ ထွက်လာခဲ့ကြသည်။
နှစ်ယောက်သား လှေကားပေါ်မှ ဆင်းလာကြပြီးနောက် စုလုရီက လှေကားရှိ မှန်ကို ကြည့်လိုက်သောအခါ သူနှင့် စုချီ၏ အင်္ကျီမှာ အရောင်တူနေကြောင်းကို တွေ့လိုက်ရ၏။
ထို့ကြောင့် စုချီကို လှည့်ကြည့်လိုက်သောအခါ စုချီက "ငါ့ကို လှည့်ကြည့်မနေနဲ့။ အောက်ကို သေချာဆင်း" ဟု ပြောလိုက်သဖြင့် စုလုရီက ခေါင်းကို ငုံ့ကာ လှေကားပေါ်မှ ဆင်းသွားတော့သည်။
ချိန်းထားသော နေရာမှာ သီးသန့်ကလပ် ဖြစ်သဖြင့် ကျိုးချင်းချန်းက စုလုရီတို့ကို အပြင်၌ ထွက်စောင့်နေခဲ့၏။
စုလုရီတို့ကား ရောက်လာသောအခါ ကျိုးချင်းချန်က "စုလုရီနဲ့ စု လူကြီးမင်း" ဟု စုချီကို ခေါ်လိုက်သည်။
ထို့ကြောင့် စုချီက "စုလုရီ ခေါ်သလို ခေါ်လို့ရတယ်" ဟု ပြောလိုက်ရာ ကျိုးချင်းချန်က "အစ်ကိုကြီး စု" ဟု ပြောင်းခေါ်လိုက်၏။
ထို့နောက် သုံးယောက်သား ဓာတ်လှေကားမှ အပေါ်သို့ တက်လာရာ သုံးလွှာ အရောက်တွင် ဓာတ်လှေကားတံခါး ပွင့်သွားပြီး ရင်းနှီးသော မျက်နှာ နှစ်ခုကို တွေ့လိုက်ရသည်။
ထိုသူများမှာ စွင်းဟဲ့ယွီနှင့် စွင်းယွဲ့တို့ မောင်နှမ ဖြစ်ကြပြီး စွင်းဟဲ့ယွီက မျက်နှာ မသာမယာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထို့ကြောင့် စုလုရီက စွင်းဟဲ့ယွီကို ကပ်မေးလိုက်ရာ စွင်းယွဲ့က "အစ်ကို့ကို ဂရုစိုက်မနေနဲ့ အစ်ကို လုရီ။ သူက အစ်ကိုတို့နဲ့ မိတ်ဆက်ပွဲမှာ အယှဉ်ခံရမှာ ကြောက်နေတာ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ စုချီ၏ ခြေလှမ်းများက ရပ်တန့်သွားတော့၏။
ကျိုးချင်းချန်ကလည်း "အဲ့မှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော အကုန် အချောတွေကြီးပဲ" ဟု မျက်စိတစ်ဖက်ကို မှိတ်ကာ ပြောလိုက်သည်။
...…….................................
.........................................
အပိုင်း (၅၅) ပြီးပါပြီ။