Chapter 22

51K 6.2K 526
                                    

Unicode

အိမ်ရှေ့စံ၏ သက်တော်နှစ်ဆယ်ပြည့် မွေးနေ့မင်္ဂလာကို ကျင်းပသည့်မနက်တွင် နန်းရင်ပြင်၌ လူထောင်ပေါင်းများစွာတို့ ရှိနေလေသည်။ ခမ်းနားကြီးကျယ်သော ပွဲတော်အဖြစ်ကျင်းပပြီး မျိုးစုံသော စားသောက်ဖွယ်ရာများကို တည်ခင်းထားလေသည်။ တီးမှုတ်ကပြဖျော်ဖြေသည့် ကချေသည်များနှင့် ဂီတပညာရှင်များကြောင့် နန်းရင်ပြင်မှာ သက်ဝင်လှုပ်ရှားနေလေသည်။

သာမန်ပြည်သူများ၊ နန်းတော်မှအထိန်းတော်အစေခံများ ၊ မှူးမတ်များ၊ အလံကိုင်အိမ်တော်အကြီးကဲများနှင့် မိသားစုဝင်များမှာ ရာထူးအလိုက် ဆင့်ကဲပြီးနေရာယူထားကြလေသည်။ ခါတိုင်းနှင့်မတူသည်က ယခုနှစ်တွင် နန်းရင်ပြင်၏ အလယ်ဗဟို၌ ပလ္လင်နှစ်ခု နေရာယူထားခြင်းဖြစ်သည်။ အကြောင်းရင်းကတော့ တောင်ပိုင်း၏ ဘုရင်ကြီးအတွက် သီးသန့်စီစဉ်ပေးခြင်းဖြစ်သည်။ ဘုရင်ကြီးလီ ပလ္လင်တွင်နေရာယူပြီးသည့်တိုင်အောင် လင်းမိုကြွမလာသေးပေ။

နန်းရင်ပြင်ရှိလူတိုင်းက မကြာမီစွမ်းရည်များပြသတော့မည့် အိမ်ရှေ့စံကို စိတ်ဝင်စားသလို စစ်နတ်ဘုရားလို အစွမ်းထက်ပြီး ချောမောသည့် တောင်ပိုင်းဘုရင်ကြီးကိုလည်း များစွာစိတ်ဝင်စားကြလေသည်။ ပိုပြီးစိတ်ဝင်စားသည်က မြောက်ပိုင်းအိမ်ရှေ့စံအတွက် လင်းမိုပေးမည့်လက်ဆောင်။

မကြာမီ နန်းရင်ပြင် တံခါးဝက ကျွီခနဲ ပွင့်လာလေသည်။ သူတို့မြင်တွေ့လိုက်ရသည်က နတ်ဘုရားတမျှ အရှိန်အဝါတောက်ပပြီး လွန်စွာချောမောခန့်ညားသည့် လူငယ်တစ်ဦး။ အသွင်အပြင်အရ ငယ်ရွယ်သော်လည်း အရှိန်အဝါ မာန်အဟုန်မှာ နန်းရင်ပြင်မှ လူတိုင်းပင် စေ့စေ့မကြည့်ရဲလောက်အောင် တောက်ပနေလေသည်။ လင်းမိုသည် နဂါးရုပ်ပုံကို ပြောင်မြောင်စွာ ထိုးထားသော ရွှေရောင်ဝတ်ရုံတော်ကို ဝတ်ဆင်ထားလေသည်။ သူ၏ အေးဆေးသောအသွင်အပြင် စာပေ၌ မွေ့လျောသော ပညာရှိတစ်ပါးအသွင်။

သို့သော် နန်းရင်ပြင်ရှိ လူတိုင်းသည် လင်းမို၏ စစ်ပွဲအလီလီအောင်နိုင်ခဲ့သည့် ဒဏ္ဍာရီသဖွယ် ချီးမြှောက်သော သတင်းတို့ကို ကြားဖူးနေလေသည်။ ထို့ကြောင့် မည်မျှပင် ပညာရှိတစ်ပါးအသွင်ပေါက်နေပါစေ လင်းမိုသည် လိုအပ်လျှင် သွေးအေးပြီး ရက်စက်သည့် စစ်ဘုရင်တစ်ပါးသာဖြစ်ကြောင်း လူတိုင်းသိလေသည်။

The True Conqueror [Complete]Where stories live. Discover now