Extra (Day 3)

25.2K 3.4K 89
                                    

Unicode

လီချန်းယုံသည် အမိန့်ပေးရန် ရှိသည်တို့ကို ပေးပြီးနောက် ညီလာခံကို ရုတ်သိမ်းခဲ့လေသည်။ ပြောရမည်ဆိုလျှင် သည်နေ့တွင် သူအလျင်လိုနေသည့် အကြောင်းရှိပေသည်။ အမတ်တို့သည်လည်း အရှင်က သူတို့ထက်ပို၍ အလျင်လိုနေသည်ကို မြင်သောအခါ အရေးမကြီးသည်တို့ကို ချန်လှပ်ထားခဲ့ကာ အရေးကြီးသည်တို့ကိုသာ လျှောက်တင်လေသည်။ သို့ကြောင့် ယနေ့ညီလာခံသည် ခါတိုင်းနေ့များထက် ပို၍ စောလျင်စွာ ပြီးစီးလေသည်။

ဆွေဟိုင်းနန်းတော်ကြီး၏ ညီလာခံခန်းမမှ လီချန်းယုံထွက်လာသည့်အခါ နောက်မှ အစေအပါး အခြွေအရံတို့ လိုက်ပါလာကြလေသည်။ လင်းမို၏နှစ်ရှည်လများ အချိန်ယူကာ တည်ဆောက်ခဲ့သော နန်းတော်ကြီးသည် ယခင်နန်းတော်နှင့် နှိုင်းစာမရအောင် ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားလေသည်။ ကျယ်ဝန်းသော နန်းတော်ကြီးတွင် လမ်း၏ နံဘေး ဝဲယာတို့၌ သစ်သီးပင်တို့ကို စိုက်ပျိုးထားလေသည်။ ဆောင်းဦးရာသီဆိုလျှင် ဆွေဟိုင်းနန်းတော်ကြီးမှာ နတ်ဘုံနတ်နန်းတမျှလှပလှပေသည်။

အဆောင်တော်ဆီသို့ရောက်ရန် စမ်းချောင်းနှင့် တံတားခုံးလေးကို ဖြတ်ရသောကြောင့် လီချန်းယုံ ကျော်ဖြတ်လာလေသည်။ ထိုမှစ၍ နန်းတော်အဆောင်ကို လင်းမိုသည် လီချန်းယုံအဆိုပြုခဲ့သည့်အတိုင်း ပန်းသစ်တော်များခြံရံကာ တည်ဆောက်ထားပေးခဲ့လေသည်။

အိပ်ဆောင်ဆီသို့ရောက်သောအခါ အဆောင်တော်ရှေ့မှ အစေခံတို့ကို တစ်ချက်လှမ်းကြည့်ကာ လီချန်းယုံက မေးလိုက်သည်။

"သမားတော် လာသွားပြီလား''

အစေခံက ရိုသေစွာ ဦးညွတ်၍ လီချန်း၏အမေးကို ပြန်ဖြေသည်။

"အရှင်က အဝင်မခံဘူး ထွက်သွားလို့ပဲ ပြောလိုက်တာကြောင့် သမားတော်ကြီး ပြန်ထွက်သွားပါတယ်''

လီချန်းယုံ၏ မျက်နှာတွင် စိုးရိမ်ပူပန်ခြင်းနှင့် အလိုမကျဖြစ်သွားသော အမူအရာတို့ အထင်းသားပေါ်လာလေသည်။ သူက အစေခံမလေး တံခါးဖွင့်ပေးသည်ကိုပင် မစောင့်ဘဲ ကိုယ်တိုင်ဆွဲဖွင့်ကာ အထဲသို့ အလျင်အမြန် ဝင်လာခဲ့လေသည်။

The True Conqueror [Complete]Where stories live. Discover now