Unicode
ရှောင်ချိုနှင့် ဟေးချိုသည် အရှင်နှစ်ပါး၏ လက်ထပ်ပွဲအပြီး ဆယ့်ခြောက်ပြည်ထောင်ပေါင်းစည်းပြီးသွားချိန်၌ ၎င်းတို့အတွက် အထွေအထူး တာဝန်မရှိတော့သောကြောင့် ရေခဲလွင်ပြင်သို့ ပြန်၍ နေလေသည်။
ရေခဲလွင်ပြင်က ရှောင်ချိုနှင့်ဟေးချိုကို ပို၍ လွတ်လပ်စေလိမ့်မည်ကို သိသောကြောင့် လီချန်းယုံကလည်း ခွင့်ပြုထားသည်။
အစပထမ၌ ဟေးချိုက သေဆုံးခြင်းအလွန်နယ်နမိတ်သို့ ပြန်မည်ပြုသောကြောင့် ရှောင်ချိုမှာ တိတ်တဆိတ် ပူဆွေးသွားရသေးသည်။ ခဏအကြာမှ ဟေးချို ပြန်လာခဲ့မည်ဆိုကာမှ ရှောင်ချို စိတ်အေးသွားရလေသည်။ ဟေးချိုသည် အမှန်တကယ် ပြန်လာခဲ့ပါသည်။ သူက ရေခဲလွင်ပြင်၌ ရှောင်ချိုနှင့်အတူ နေထိုင်ကာ သူ၏ နေ့ရက်များကို ဖြတ်သန်းနေလေသည်။
နေ့ဘက်တွင် သူတို့နှစ်ယောက်အတူတကွ ရှိသော်လည်း ရံဖန်ရံခါ၌ ရှောင်ချိုသည် ဝံပုလွေအသွင်သဏ္ဍာန်ပြောင်းကာ ရေခဲအငူများဘက်သို့ သွားလေ့ရှိသည်။
ထိုညက ဟေးချိုအတွက် သာမန်ညတစ်ညဖြစ်သည်။ ရှောင်ချိုနှင့်အတူ ညစာ စားပြီး ရှောင်ချို လေပေါသမျှ နားထောင်ပေးသည်။ ဝိုင်းစက်နေသော လပြည့်ကြီးထွက်ပေါ်လာသောအခါ ရှောင်ချိုက ဝံပုလွေအသွင်ပြောင်းကာ အပြင်ထွက်သွားသည်။ ရှောင်ချို မနက်ခင်းတွင် ပြန်လာမည်ကို သိနေသောကြောင့် သူစိတ်ချလက်ချအိပ်သွားသည်။
ညသန်းခေါင်လောက်တွင် ဟေးချို၏ ကျင့်သားရပြီး အာရုံခံနိုင်စွမ်းမြင့်သော နားတို့က အလိုအလျောက် အလုပ်လုပ်လာသည်။ သူ၏ နားထဲတွင် တစ်စုံတစ်ယောက်က သူ၏ နာမည်ကို ခေါ်ဝေါ်နေသံကို ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
အစပထမက ရှောင်ချိုပြန်လာသည်ဟု ထင်မိသော်လည်း ရှောင်ချိုလည်း မဟုတ်ချေ။ ရှောင်ချိုက မည်သည့်အခါမှ ငြင်ငြင်သာသာပြန်လာလေ့မရှိပေ။ ခြေလှမ်းသံကို အဝေး တည်းက ကြားနိုင်ပြီး ဟေးချိုသည်လည်း ရှောင်ချို၏ ခြေ သံကို ခွဲခြားသိလေသည်။
အသံကနီးလာသလိုလို ဝေးလာသလိုလိုနှင့် မရေရာသော ခံစားချက်များပေးနေသည်။ ဟေးချိုက သူ၏ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မိသော်လည်း ထိုသို့လည်း ဟုတ်ဟန်မတူပါ။
YOU ARE READING
The True Conqueror [Complete]
Historical FictionTitle - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... Name - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ...