Extra (Day 5)

23.5K 3K 98
                                    

Unicode

ရက်ပိုင်းခန့်အကြာ မနက်ဝေလီဝေလင်း မှောင်ရိပ်ပျို့ပျို့ကျန်နေဆဲအချိန်တွငိ ဆွေဟိုင်းနန်းတော်၏ ထွက်ပေါက်မှ မြင်းခွာသံသဲ့သဲ့ထွက်လာသည်။

လေလိုလျင်မြန်သောအဟုန်ဖြင့် ဒုန်းဆိုင်းနှင်နေသော မြင်းများကြောင့် အစောင့်များသည် မည်သူမည်ဝါဟုပင် ပိုင်းခြားချိန်မရလိုက်ပေ။ သူတို့က သည်အတိုင်း ကင်းလှည့်တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားကြသော ကိုယ်ရံတော်များဟုသာ ထင်လိုက်ကြသည်။

ကဆုန်ဆိုင်းစီးသွားသော မြင်းနှစ်ကောင်တွင် အုန်းခွံရောင်မြင်းကြီးကို အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က စီးနင်းလေသည်။ မြောက်ပိုင်းမှ နှင်းပွင့်များလို ဆွတ်ဆွတ်ဖြူနေသော ကိုယ်ထည်နှင့် မြင်းကိုကား အပြာရောင်ဝတ်လူတစ်ယောက်က စီးနင်းလေသည်။

၎င်းတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့်ပင် ဆွေဟိုင်းနန်းတော်က အထွက်လမ်းကို ဦးတည်သွားနေကြလေသည်။ ပထမလူ၏ အုန်းခွံရောင်မြင်းကြီးမှာ ခွာကောင်းကောင်းနှင့် ကိုယ်ထည်ကြံ့ခိုင်သော မြင်းကြီး ဖြစ်သည်။ သို့ကြောင့်ထိုမြင်းကြီးသည် နှင်းတို့ထူထပ်နေသောလမ်းကို အခက်အခဲမရှိ ဖြတ်ပြေးသွားလေသည်။ ၎င်း၏နောက်တွင်ကား နှင်းပွင့်လိုဖြူသော ကိုယ်ထည်နှင့် အလုံးအရပ် ခပ်သွယ်သွယ်ရှိသည့် မြင်းတစ်ကောင် ကပ်ရပ်လိုက်ပါလာလေသည်။ အရှေ့က အုန်းခွံရောင်မြင်း၏ အရှိန်နှုန်းအတိုင်း ၎င်းသည်လည်း ထပ်ကြပ်မကွာ ပြေးလိုက်လာလေသည်။

အတန်ကြာသော် ကြီးကျယ်ခမ်းနားသော ဆွေဟိုင်းနန်းတော်ကြီးသည် ၎င်းတို့၏ အနောက်တွင် မှုန်မွှားမွှားအစက်လေးသဖွယ် ကျန်ခဲ့လေသည်။ ထိုအခါမှ အရှေ့က အုန်းခွံရောင်မြင်းနှင့်လူသည် သူ၏ အရှိန်ကို လျှော့ချလိုက်လေသည်။

"အားယုံ မီအောင်လိုက်နိုင်သားပဲ''

ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် ဆွေဟိုင်းနန်းတော်မှ တောင်ပိုင်းသို့ ခရီးနှင်ရန်ထွက်လာခဲ့သော ဘုရင်ကြီး လင်းမို ဖြစ်ပေသည်။ သူ၏ အနောက်တွင် ထပ်ကြပ်မကွာပါလာသည်ကား လင်းမို၏ ချစ်ရသော ကြင်ယာတော် လီချန်းယုံပင် ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now