Chapter 43

40.6K 5K 67
                                    


Unicode

ဆယ့်ခုနှစ်ရက်ခန့်ကြာသည့်အခါ လင်းမိုသည် ယန်နန်းတော်သို့ ပြန်ရောက်ပြီဖြစ်သည်။ နန်းမြို့ရိုးမှ ကျယ်လောင်သော ဟွန်းသံကြီးထွက်ပေါ်လာပြီး အသင့်စောင့်ကြိုနေသော စစ်သည်တော်တို့က ညီညာစွာ မတ်တပ်ရပ်နေကြသည်။

လင်းမိုက မျက်စိရှေ့က စစ်သည်တော်တို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကြိုဆိုမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့် ပြလိုက်သည်။ စစ်သည်တော်တို့ခြံရံကာ နန်းမြို့ရိုးကျော်ဖြတ်လာတော့ နန်းတွင်းအဝင်ဝတွင် အမတ်တို့က ညီညာစွာ စောင့်ကြိုနေကြသည်။ လင်းမိုက မြင်းပေါ်က ဆင်းလာပြီး အသင့်ပြင်ထားသော ကောဇောနီကြီးထက်မှ ဖြတ်လျှောက်လာခဲ့သည်။ သူဦးတည်သည်က နန်းရင်ပြင်တွင် ရှိနေသော အချိန်အတော်ကြာ လစ်လပ်နေခဲ့သည့် ပလ္လင်ဆီသို့ ဖြစ်သည်။

ခရီးဆိုက်ရောက်ရောက်ချင်း လင်းမိုသည် အနားယူဖို့ စိတ်ကူးအလျဉ်းမရှိပေ။ ရက်အတော်ကြာ ခရီးပြင်းနှင်လာခဲ့ရသောကြောင့် လင်းမိုမှာ အနည်းငယ် ပင်ပန်းနေသော်လည်း သူ၏ သြဇာရှိသော ဘုရင်တစ်ပါး၏ အရှိန်အဝါတို့ကတော့ နည်းနည်းမှ လျော့မသွားပေ။

လင်းမိုသည် ပလ္လင်ထက်မှ နန်းရင်ပြင်တွင် ညီညာစွာ စုရုံးနေသော အမတ်တို့ကို ကြည့်လိုက်သည်။ ယန်အမတ်များသာမက ဆယ့်ငါးနိုင်ငံလုံးက အမတ်များနှင့် သံတံမန်များပါ ရောက်နေကြခြင်းဖြစ်သည်။ အတိုင်ပင်ခံ အမတ်ကြီးထံမှ စာကြောင့် လင်းမို အခြေအနေ အကျဉ်းချုပ်ကို သိပြီး ဖြစ်သည်။

လင်းမိုက ဆွေဟိုင်းကို မြို့တော် အဖြစ်ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီးမကျေနပ်သော ကုန်သည်ကြီးများနှင့် သူဌေးသူကြွယ်တို့က အမတ်တို့ကို စည်းရုံးပြီး ဆူပူအောင် ကြိုးစားနေကြခြင်း ဖြသ်သည်။

ယန်မြို့တော်တွင် အုတ်မြစ်တည်ကာ ဆယ့်ငါးနိုင်ငံနှင့် ကုန်သွယ်မှုကို ခြေကုပ်ယူထားသော ကုန်သည်တို့မှာ မြို့တော်အသစ်တွင် ၎င်းတို့၏ ရှိရင်းစွဲ အခွင့်အရေးများ လက်လွတ်နိုင်ရခြေရှိသောကြောင့် ဆွေဟိုင်းကို မြို့တော်သစ်အဖြစ် သတ်မှတ်ရန် အပြင်းအထန်ကန့်ကွက်နေကြခြင်းဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now