Chapter 46

45.1K 5.1K 116
                                    

Unicode

ညီလာခံခန်းမတွင် အမတ်တို့ ဆူညံစွာ ဆွေးနွေးငြင်းခုန်နေကြသည်။ သူတို့သည်မနေ့က တောင်ပိုင်းယန်နန်းတော်သို့ မြောက်ပိုင်း အိမ်ရှေ့စံရောက်လာသည်ဆိုသော အကြောင်းကို ကြားသိပြီး ဖြစ်သည်။ သူတို့ထဲတွင် စစ်သူကြီးချင်နှင့် အတိုင်ပင်ခံအမတ်ကြီးမှ လွဲ၍ မည်သူမျှ မြောက်ပိုင်း အိမ်ရှေ့စံကို မမြင်ဖူးကြချေ။

မြောက်ပိုင်းအိမ်ရှေ့စံသည် ငယ်စဉ်ကတည်းက သွေးဖြူဝံပုလွေဒဏ္႑ာရီကို အခြေပြုကာ ထန်ရွှမ်းတိုက်တွင် သတင်းကြီးသူ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် အမတ်တို့ စိတ်ဝင်စားနေသည်မှာ သွေးဖြူဝံပုလွေအကြောင်း မဟုတ်ချေ။ အတိအလင်းကြေငြာမထားသော်လည်း တောင်ပိုင်းဘုရင်နှင့် မြောက်ပိုင်းအိမ်ရှေ့စံ၏ သတင်းသည် ထန်ရွှမ်းတိုက်တွင် လူအသိအများဆုံးဖြစ်သည်။

မြောက်ပိုင်းကို သိမ်းပိုက်ရန်သွားသော တောင်ပိုင်းစစ်ဘုရင်ကြီးသည် မြောက်ပိုင်းက နတ်မိမယ်တစ်မျှချောမောလှသော မြောက်ပိုင်းအိမ်ရှေ့စံလေးကို ချစ်မိသွားကြောင်းတို့ကို ထန်ရွှမ်းတိုက်က သဘင်သည်တို့က သီချင်းများလုပ်ကာ သီဆိုကြသည်။ ကဗျာဆရာတို့က ကဗျာများ စပ်ဆိုကြသည်။ ပြဇာတ်ကသည့်သူတို့က ပြဇာတ်များဖန်တီးကြသည်။

စစ်နတ်ဘုရားလို ချောမောသော ဘုရင်ကြီးနှင့် နတ်မိမယ်တမျှချောမောသော အိမ်ရှေ့စံ ဇာတ်လမ်းသည် ဆယ့်ငါးနိုင်ငံတွင် ဟိုးလေးတကျော် ဖြစ်သည်။

ထိုသီချင်း၊ ကဗျာ၊ ပြဇာတ်တို့ကြောင့် တောင်ပိုင်းမှ အမတ်တို့က မြောက်ပိုင်းအိမ်ရှေ့စံကို မိန်းကလေးတမျှချောမောပြီး နူးညံသည့်သူဟုသာ ထင်မှတ်နေကြသည်။ သူတို့၏ သွေးအေးရက်စက်သော ဘုရင်ကြီး၏ နှလုံးသားကို ထိုအိမ်ရှေ့စံလေးက မည်ကဲ့သို့သော အလှတရားဖြင့် သိမ်းပိုက်ခဲ့သည်ဆိုသည်မှာ သူတို့ အတွက် ပဟေဋိတစ်ပုဒ်ပင်။

ညီလာခံ၏ ခန်းမဆောင်တံခါးပွင့်လာသောအခါ...

အမတ်အားလုံး၏ အကြည့်တို့က တံခါးဝဆီသို့ ရောက်သွားကြသည်။ ပေါ်ထွက်လာသော ပုံရိပ်နှစ်ခုက သူတို့၏ ထင်မြင်ချက်များ လွဲမှားသွားပြီဖြစ်ကြောင်း သက်သေခံနေသည်။

The True Conqueror [Complete]Where stories live. Discover now