Chapter 42

46.2K 5.3K 357
                                    

Unicode

မနက်မိုးသောက်အလင်းရောင်ဖျော့ဖျော့က ပြတင်းပေါက်ကနေ အခန်းထဲဆီသို့ တိုးဝင်လာချိန်မှာ လင်းမိုရော လီချန်းယုံရော အိပ်ယာနိုးနေပြီဖြစ်သည်။ ခါတိုင်းဆိုလျှင် လင်းမိုဖက်ဖို့ကြိုးစားတိုင်း လီချန်းယုံက တစ်ဖက်သို့လှည့်ကာ ရှောင်ပြေးတတ်သည်။ ယနေ့တွင်တော့ လီချန်းယုံ ကိုယ်တိုင်က လင်းမို၏ လက်မောင်းကို ခေါင်းအုံးထားလေသည်။

"ချန်းယုံ...မင်းငါ့ကိုတစ်ခုခုမှာစရာရှိလား''
လင်းမိုက လီချန်းယုံ၏ ဆံပင်များကို အသာသပ်ပေးပြီး မေးလေသည်။

"ဘာမှာရမှာလဲ''
လီချန်းယုံက လင်းမိုကို မော့ကြည့်ပြီး ပြန်မေးသည်။

"ငါအဝေးကြီးသွားရမှာလေ...ဘယ်နှစ်ရက်တောင်ကြာမယ်မှန်းမသိဘူး။ မင်းတစ်ခုခုပြောပေါ့''
လင်းမိုက သူ၏ လက်ညှိုးဖြင့် လီချန်းယုံ၏ နဖူးကို အသာထောက်ပြီးပြောသည်။

လီချန်းယုံက အကြပ်ရိုက်သွားဟန်ဖြင့် စဉ်းစားနေလေသည်။ သူတကယ် ဘာမှာရမည်မှန်းမသိ။ ရုတ်တရက်သူ့အတွေးထဲသို့ တစ်စုံတစ်ရာက ဝင်လာလေသည်။

"လင်း...မို...''

"ပြော...''

"တောင်ပိုင်းကမိန်းကလေးတွေကချောလား''

လီချန်းယုံဆီက ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် လင်းမိုမှာ ကြောင်သွားသည်။ သို့သော်သူက လီချန်းယုံ ထိုသို့မေးမြန်းရသည့်အကြောင်းရင်းကို ချက်ချင်းပင် ရိပ်စားမိလိုက်သည်။ သူက လီချန်းယုံ သဝန်တိုနေသည်ကို မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေသည်။

"ချောတာပေါ့...အသားအရည်တွေမှ ဖြူဖွေးနူးညံ့နေတာပဲ''

လင်းမို၏ စကားကြောင့် လီချန်းယုံ၏ မျက်မှောင်မှာ သိသာစွာကျုံ့သွားသည်။

"ဟုတ်လား... အဲ့ဒါဆို ငါဖို့တစ်ယောက်လောက်ခေါ်ခဲ့ပါလား''

လီချန်းယုံက သူ့ကိုရွဲ့ပြီးဖြေလိုက်သောကြောင့် လင်းမိုမှာ မျက်နှာမဲ့သွားသည်။
"မင်းဘာလုပ်မလို့လဲ...''
လင်းမို၏ လေသံက အနည်းငယ်ကြွတ်ဆပ်နေသည်။

The True Conqueror [Complete]Where stories live. Discover now