Extra (Day 9)

21.6K 3.1K 55
                                    

Unicode

နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အကြီးအကဲသစ်ရွေးချယ်ပွဲကို တက်ရောက်လာကြသည့် တိုင်းပြည်အသီးသီးမှ တော်ဝင်မျိုးနွယ်တို့သည် ခန်းမဆောင်ကြီးအတွင်း နေရာယူထားကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သတ်မှတ်ထားသောနေရာများတွင် ထိုင်လျှက် အချင်းချင်း စကားစမြည်ပြောနေ​ကြသည်။

ခန်းမဆောင်၏ မြင့်သောနေရာ၌ကား ဝံ့ကြွားစွာတည်ရှိနေသည့် ပုလ္လင်နှစ်ခု ရှိလေသည်။ ထိုပုလ္လင်သည် ဤအခမ်းအနားကို ကြွရောက်ချီးမြှင့်မည့် အရှင်နှစ်ပါးအတွက် ရည်ရွယ်ထားသည်မှန်း အလိုလို နားလည်ကြလေသည်။

လူတိုင်း၏ ရင်ထဲတွင် ပဟေဠိအဖြစ် ကျန်နေခဲ့သည်ကား အရှင်နှစ်ပါး မျှော်စင်သို့ မည်သည့်အချိန်၌ ကြွရောက်လာမည်နည်းဟုသော အချက်ပင်။ ဆယ့်ခြောက်ပြည်ထောင်ပြည့်အရှင်နှစ်ပါးသာ အမှန်တကယ် ကြွရောက်လာပြီး မျှော်စင်၌ ရှိနေသည်ဆိုပါက ခန်းမဆောင်မှလူများ မသိရန် အကြောင်းမရှိချေ။ သို့သော် ယခုမူကား အရှင်နှစ်ပါးနှင့် ပတ်သက်၍ သတင်းအစအနပင် မရချေ။

သခင်မကျန်းသည် သူမ၏ နေရာကို ဆက်ခံမည့် နတ်ဆရာမအတွက် လုပ်ဆောင်ရန်ရှိသည့် အဆင့်တို့ကို အဆင့်ဆင့် ညွှန်ကြားနေလေသည်။ ဤခန်းမ၌ သူမတစ်ယောက်တည်းသာ အမတ်ကြီးက ကြိုတင်၍ အကြောင်းကြားထားသောကြောင့် အရှင်နှစ်ပါးလျှို့ဝှက်၍ လာရောက်မည်မှန်း သိလေသည်။

ယမန်နေ့က လီချန်းယုံတို့ကို အခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သော နတ်ဆရာမသည်လည်း ခန်းမဆောင်၌ ရှိနေချေသည်။ သူမသည် မြောက်ပိုင်းလက်အောက်ခံအိမ်တော်မှ အကြီးအကဲများ၏ နေရာသို့ ဝေ့ဝဲကြည့်လိုက်သည်။ သူမရှာနေသော နတ်ဘုရားလို ချောမောသည့်သူက ထိုနေရာတွင် ရှိမနေချေ။ စတင်ရန်အချိန်မလိုတော့သောကြောင့် ထိုလူ ရောက်မလာနိုင်တော့ဟု သူမထင်လိုက်သည်။

လူများစွာကား အရှင်နှစ်ပါးသည် လာရောက်မည့် အစီအစဥ်ကို ပယ်ဖျက်လိုက်သည်ဟု အထင်ရှိပြီး ၎င်းတို့အချင်းချင်း ဆူညံကျယ်လောင်စွာ စကားပြောဆိုနေကြလေသည်။

The True Conqueror [Complete]Where stories live. Discover now