Chapter 29

51.4K 6.2K 793
                                    

Unicode

မနက်မိုးသောက် နေအလင်းရောင်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေသည်။ လင်းမို၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော လီချန်းယုံ၏ မျက်လွှာတို့ ဖြေးညင်းစွာ ပွင့်လာသည်။ သူက ခန္တာကိုယ်ကို လူးလွန့်ပြီး ထရန်ပြင်စဉ်မှာပင် လင်းမို၏ သန်မာ​သော လက်တို့က သူ၏ခါးကို မြဲမြံစွာ ဖက်ထားခြင်းကို ခံလိုက်ရသည်။

လီချန်းယုံက လင်းမိုကို ကြည့်လိုက်သောအခါ လင်းမိုသည် အိပ်ရာမနိုးသေးသလို မျက်လွှာတို့ကို ပိတ်ထားလေသည်။ သို့သော် သူသည် လင်းမိုနိုးနေပြီမှန်းတပ်အပ်သိလေသည်။

"ဖယ်တော့ ငါအိပ်ရာထတော့မယ်''
လီချန်းယုံက သူ၏ခါးကို ဖက်ထားသော လင်းမို၏ လက်တို့ကို ဖယ်ရှားရင်းပြောသည်။

"ချန်းယုံ...တစ်ရက်တစ်လေ နောက်ကျတဲ့အထိအိပ်လို့မရဘူးလား အစောကြီးထပြီးဘာလုပ်မှာလဲ''
လင်းမိုက သူ၏ မျက်လွှာတို့ကို မဖွင့်ချင်ဖွင့်ချင် ဖွင့်လာပြီး မကျေမနပ် ရေရွတ်လေသည်။

"မင်းဘယ်လိုလုပ် စိတ်အေးလက်အေးအိပ်နိုင်တာလဲ။ တောင်ပိုင်း ယန်နန်းတော်က မင်းအပိုင်အိပ်ဆောင်ထဲရောက်နေတယ်မှတ်နေတာလား''
လီချန်းယုံက နှာခေါင်းရှုံပြီး ပြောလေသည်။ သူပြောသည်ကလည်း ယုတ္တိရှိပေသည်။ လောလောလတ်လတ်ပုန်ကန်မှု ဖြစ်ထားသော နေရာတွင် အခြားတိုင်းပြည်က ဘုရင်ကြီးက အေးဆေးစွာ အိပ်စက်ရုံမက အိပ်ရာမှထဖို့ပင်စိတ်ကူးမရှိချေ။

"ဒီအိမ်တော်က ငါမပိုင်ဘူး။ ဒါပေမယ့် ဒါက မြောက်ပိုင်းနိုင်ငံ နယ်နမိတ်ထဲကလေ''
လင်းမိုက လီချန်းယုံကို ကြည့်ပြီးပြောလေသည်။

"မြောက်ပိုင်းနိုင်ငံထဲကဆိုတော့ရော မင်းပိုင်လို့လား။ မသကာ ငါပိုင်တယ်ဆိုတာကမှ ဖြစ်နိုင်သေး''
လီချန်းယုံက ကျိုးကြောင်းဆီလျော်စွာ ပြောလေသည်။ သူသည် အိမ်ရှေ့စံဖြစ်သည့်အတွက် မြောက်ပိုင်းတစ်ခုလုံးကို အုပ်ချုပ်ရမည့်သူပင်။

လင်းမိုက လီချန်းယုံ၏ ဆတ်ဆတ်ထိမခံ တုံ့ပြန်မှုကို သဘောကျစွာ ရယ်လေသည်။ ထို့နောက်သူက တမင်ရှုံ့နေသော လီချန်းယုံ၏ နှာခေါင်းချွန်ချွန်လေးကို ဖျစ်ညှစ်ပြီးပြောသည်။
"ဒီအိမ်တော်ကို ငါမပိုင်ဘူး...ငါက ဒီအိမ်တော်ကိုပိုင်တဲ့ မင်းကိုပိုင်တာ''

The True Conqueror [Complete]Where stories live. Discover now