(၃-၁)

2.1K 437 13
                                    

Unicode

ဌာနချုပ်မှ ချိယွမ်းအထိလေယာဥ်စီးချိန်မှာ ခန့်မှန်းချေအားဖြင့်နှစ်နာရီခွဲခန့်ကြာမြင့်လေ့ရှိသည်။ ယနေ့ခေတ်အချိန်အခါထိတိုင်အောင် ဘဝတစ်လျှောက်လုံး ဆင်းရဲတွင်းနက်နေခဲ့သော ရွှမ်းကျီးသည်ကား လေယာဥ်၏ပထမတန်းထိုင်ခုံတွင်တစ်ခါမျှသာထိုင်ခဲ့ဖူးသည်__ကြိုတင်လက်မှတ်များကို အလွန်အကျွံရောင်းချခဲ့မိသော လေယာဥ်ကုမ္ပဏီ၏အခမဲ့လျော်ကြေးအစီအစဥ်ကြောင့်သာဖြစ်သည်__ယခုအချိန်မှာတော့ ၎င်းမှာ ဌာန၏ကိုယ်ပိုင်လေယာဥ်ပေါ်တွင်ရောက်ရှိနေပြီဖြစ်ရာ ဆိုဖာပေါ်တွင်တစ်ယောက်တည်းနေရာအပြည့်ယူထားရင်း ခြေကားယားလက်ကားယားနေနေတော့သည်။ မျက်လုံးများကိုမှိတ်ကာ လေယာဥ်စက်သံကိုနားထောင်နေရင်း သူ့ဘဝတွင် *'သန်းပေါင်းများစွာသောရည်မှန်းချက်အသေးစားလေးများ' ​ပြည့်ဝသွားရသလိုပင် ထင်ယောင်ထင်မှားဖြစ်နေတော့၏။

*ရသစုံရှိုးတစ်ခုမှ ကောက်နုတ်ချက်စာသားတစ်ကြောင်းဖြစ်သည်။ သာမန်လူများအဖို့ ရရှိရန်ခက်ခဲသော ကြီးကျယ်ခမ်းနားသည့်ရည်မှန်းချက်များအတွက် ထေ့လုံးငေါ့လုံးအသွင်ဖြင့် သုံးနှုန်းသောစကားဖြစ်သည်

၎င်းမှာ အလုပ်ကိစ္စဖြင့် ကိုယ်ပိုင်လေယာဥ်ပေါ်သို့ရောက်ရှိနေရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ရာ ရွှမ်းကျီးမှာ အတွေ့အကြုံမရှိသည့်ပုံစံမျိုးမပေါက်ချင်ပေ။ သို့ဖြစ်ရာ သူက လေယာဥ်ပေါ်တွင်ထိုင်နေကြသော အခြားသောလုပ်ဖော်ကိုင်ဖက်များ၏ပုံစံအနေအထားများကို စတင်၍မသိမသာစောင့်ကြည့်အကဲခတ်လိုက်သည်။

အစ်မကြီးပိချွင်းရှန်းကတော့ အချိန်ဖြုန်းရန်အတွက် သူမ၏ပစ္စည်းများနှင့်အဆင်သင့်ဖြစ်နေလေပြီ။ သူမက အိတ်ထဲမှ ရေညှိစိမ်းရောင်ချည်လုံးတစ်လုံးကိုထုတ်ယူလိုက်ကာ စတင်၍ချည်ထိုးနေတော့သည်။ ချည်ထိုးအပ်တစ်စုံက သာမန်မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင်ပင် အထင်ကြီးလောက်စဖွယ် ကခုန်လှုပ်ရှားလို့နေသည်။ လက်နှစ်ဖက်နေရာမှလွဲ၍ ဆွယ်တာအင်္ကျီတစ်ထည်လုံး၏ပုံစံကား ရုပ်လုံးပေါ်လာပြီဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now