(၃၉)

1.2K 293 36
                                    

Unicode

အရိုးများသည်ကား မိုးစက်မိုးပေါက်များသဖွယ်တဖွဲဖွဲကျဆင်းလာကြပြီး တဒုတ်ဒုတ်မြည်သံများနှင့်အတူ အရပ်မျက်နှာအနှံ့အပြားသို့ ထိုးစိုက်ကျဆင်းလာကြရာ ရွှမ်းကျီးမှာ ဓာတ်ခွဲနမူနာပစ္စည်းတစ်ခုအလား မြေကြီးထက်ဝယ် သံမှိုစွဲရိုက်ခံရတော့မလိုဖြစ်သွားရှာတော့သည်။ သူသက်ဆင်းခြေချလိုက်သည့်နေရာမှာ ဆင်ခြေလျှောတစ်ခုဖြစ်နေသည့်အတွက် သူ့အတောင်ပံများကိုခေါက်သိမ်းလိုက်သည်နှင့်တပြိုင်နက် အီနားရှားအရှိန်ဖြင့် အရှေ့သို့ အနည်းဆုံးမီတာနှစ်ဆယ်ခန့် ဒလိမ့်ကောက်ကွေးကျွမ်းပစ်သွားလေတော့သည်။ လေခွင်းဓားတစ်ခုက သူ့နောက်မှထပ်ကြပ်မကွာလိုက်လာနေပြီး လူတစ်ဖက်စာအရွယ်အစားရှိသော ဧရာမသစ်ပင်ကြီး၏ထိပ်ဖျားပိုင်းကို နှစ်ပိုင်းတိတိခွဲခြမ်းလိုက်လေရာ ထိုသစ်ပင်ထိပ်ဖျားပိုင်းမှာ သူ့အပေါ်သို့ပြိုကျလာလေသည်။

ရွှမ်းကျီး : “…….”

ဒါပေမဲ့ အားလော့ကျင်းကို နှစ်ပေါင်းထောင်နဲ့ချီပြီး ခေါင်းတလားထဲမှာသံမှိုရိုက်ထားတဲ့သူက သူမဟုတ်ဘူးလေ၊ သူ ဘယ်သူ့ကိုသွားပြီး စောဒကတက်ရမှာလဲ!

ဝမ်ဇယ်: “ကားကိုကြည့်!”

လေနတ်ဘုရားအဖွဲ့သားသုံးဦးသည်ကား ကုန်ပစ္စည်းတင်သောဗန်ကားလေးတစ်စီးဖြင့် အခင်းဖြစ်ရာနေရာသို့ တရှိန်ထိုးဝင်ရောက်လာကြသည်။ ကျန်းကျောင်းက ဘရိတ်ကိုဆောင့်နင်းလိုက်ပြီး စတီယာရင်ခွေကိုလှည့်လိုက်လေရာ ကားနောက်ပိုင်းက ချာခနဲလှည့်သွားပြီး အောက်သို့ပြုတ်ကျလာသော သစ်ပင်ထိပ်ဖျားပိုင်းကို အဝေးသို့ရိုက်ထုတ်လိုက်လေတော့သည်။ ကူယွဲ့ရှီးက ကားတံခါးကိုဖွင့်လိုက်ပြီး ရွှမ်းကျီးအား ကားထဲသို့ဆွဲခေါ်လိုက်သည်။

“သေချာထိုင်!”

ရွှမ်းကျီးက မျက်လုံးထောင့်စွန်းမှနေ၍ ဗန်ကား၏ဘေးဘက်ကိုယ်ထည်ပေါ်တွင် စာလုံးကြီးဖြင့်ရေးသားထားသော “xx ပင်လယ်စာဖြန့်ချိရေး” ဟူသည့်စကားလုံးများကို ဖျတ်ခနဲတွေ့မြင်သွားပြီးသော် ရုတ်တရက် သူ့စိတ်ထဲတွင် နိမိတ်မကောင်းသောခံစားချက်တို့ကိုခံစားလိုက်ရလေ၏။

သောကမီးလျှံWhere stories live. Discover now