(၄၄)

1.5K 299 33
                                    

ရွှမ်းကျီးခမျာ နေရာတွင်ပင် အကြိမ်ပေါင်းရာနှင့်ချီအောင်ပေါက်ကွဲထွက်မတတ်ဖြစ်သွားရှာပြီး သူ၏ဦးနှောက်မှာလည်း အပိုင်းအစများအဖြစ်တစစီပွင့်ထွက်ပြန့်ကြဲသွားတော့မယောင်။ သူ ရဲကိုခေါ်ချင်သည်။ တဏှာရူးနှာဘူးကောင်ဟု အော်ဟစ်လိုက်ချင်သည်။ မချိတင်ကဲအမျက်ဒေါသတို့ဖြင့် ရှန့်လင်ယွမ်းအား ဇောက်ထိုးမိုးမျှော်လှန်ပြီး အကြမ်းပတမ်းလှုပ်ကိုင်ခါယမ်းပစ်လိုက်ချင်သည်__ပြောတော့ အရာအားလုံးကို နှံ့နှံ့စပ်စပ်ထိုးထွင်းသိမြင်နိုင်စွမ်းရှိတယ်ဆို? ဓာတ်လှေကားရှေ့မှာရပ်နေရင်းနဲ့တောင်မှ အဆောက်အဦးတစ်ခုလုံးထဲက ကွိစိကွစစကားသံတွေကိုတောင် ကြားနိုင်စွမ်းရှိတယ်ဆိုပြီး ခင်ဗျားကြီးပဲလေလုံးထွားခဲ့တာမဟုတ်ဘူးလား?

အိပ်ဆေးထုတ်လုပ်တဲ့ဆေးကုမ္ပဏီတွေက ဘာဖြစ်လို့ ခင်ဗျားကို သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် မခန့်အပ်ရတာလဲ? ရေခဲတိုက်ထဲမှာ လဲလျောင်းနေတဲ့အလောင်းတွေတောင်မှ လူကြီးမင်းလောက် အေးအေးဆေးဆေးအိပ်စက်နေနိုင်မှာမဟုတ်ဘူး!

ရွှမ်းကျီး၏အတွင်းစိတ်ထဲတွင်ကမ္ဘာပျက်မတတ်ဖြစ်ပျက်နေသော အလွန်တရာကြီးမားသည့်တုန်လှုပ်ချောက်ချားမှုများကြောင့်လားမသိ၊ ရှန့်လင်ယွမ်းမှာ တစ်ခုခုကိုအာရုံခံစားမိသွားပုံရပြီး သူ့ဦးခေါင်းကိုမသက်မသာဖြင့် ဘေးတစ်ဖက်သို့အနည်းငယ်စောင်းငဲ့လိုက်ကာ မျက်လုံးများပွင့်လာလေသည်။

ရွှမ်းကျီးတစ်ယောက်တောင့်တင်းသွားရှာသည်။ ထို့နောက်မှာတော့ ရှန့်လင်ယွမ်း၏မျက်ခွံများမှာ ဟ,သည်ဆိုရုံလေး ပွင့်ဟလာခြင်းသာဖြစ်ကြောင်းကို သူချက်ချင်းသဘောပေါက်သွား၏။ ထိုမျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးစရာကောင်းလှသလို ပင်ပန်းနွမ်းလျပြီး အစိတ်စိတ်အမြွှာမြွှာပြန့်ကြဲနေသော စိုထိုင်းထိုင်းအငွေ့အသက်များသာရှိလို့နေသည်။ ကြည့်ရသလောက် ကောင်းသောအိပ်မက်များမက်နေခြင်းမဟုတ်နိုင်ပေ။ မျက်လုံးများပွင့်လာချိန်၌ သူ့စိတ်နှလုံးမှာ အလွန်တရာလေးလံညှိုးလျော်နေသည့်အလား ပို၍ပင်မျက်မှောင်ခပ်တင်းတင်းကြုတ်သွားရှာသည်။ သူ့မျက်တောင်စွန်းများထံမှသက်ဆင်းဖြာကျလာသည့်အရိပ်လေးများမှာလည်း မျက်ဆံအတွင်းရှိအနက်ရှိုင်းဆုံးအောက်တစ်နေရာဆီသို့ထိုးစိုက်ကျဆင်းနစ်မြုပ်သွားလျက်ရှိနေပြီး သူ့အား အလွန်တရာအထီးကျန်ဆန်သောပုံစံမျိုးပေါက်နေစေတော့သည်__ထိုမျက်ဆံနက်များအတွင်းတွင်မူ ကုတင်ခန်းဆီးလိုက်ကာစများနှင့် ညလုံးပေါက်မပြတ်ထွန်းညှိထားသော ဆီမီးရောင်များမှလွဲ၍ အခြားသောလူရိပ်တစ်ခုတလေမှရှိမနေပါချေ။

သောကမီးလျှံWhere stories live. Discover now