(၅၆-၁)

1.1K 230 19
                                    


“အဲဒီအချိန်တုန်းက လူနေမှုအသိုင်းအဝိုင်းက အဲ့လိုမျိုးပဲ။ အရင်ခေတ်တုန်းက မိန်းကလေးတွေဆိုရင် သူတို့ရဲ့ခြေထောက်တွေကိုကြပ်ထုပ်စည်းထားရတယ်လေ။ ဒါတွေအားလုံးက မြေရှင်ပဒေသရာဇ်ခေတ်လက်ကျန်က အသုံးမဝင်တော့တဲ့အမှိုက်လိုဓလေ့ထုံးတမ်းတွေပဲ။ အားလုံးက မလိုအပ်တာတွေကိုချန်ရစ်ထားခဲ့ကြဖို့ တစ်ညီတစ်ညာတည်းသဘောတူညီမှုပြုခဲ့ကြတာပေါ့”

ရေအောက်တွင်ရှိနေသည့် မြွေအရေခွံမှာ သတိလက်လွတ်ဖြင့် လေပူစီဖောင်းများကိုမှုတ်ထုတ်နေသည်။ သူ၏ဦးခေါင်းအား အပြင်သုံးလွှာ၊ အတွင်းသုံးလွှာထုပ်ပိုးထားရင်း အလွှာအထပ်ထပ်ရှိသော ပီကေတစ်ခုထံမှ ပူဖောင်းများထွက်လာအောင်မှုတ်နေသည့်နှယ်။

“ထပ်ပြောရရင် သူက အသက်ရှိစဉ်တုန်းက ယဉ်ကျေးပျူငှာဖော်ရွေပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုဦးတော့၊ လူသား-မိစ္ဆာတစ်ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ လူနဲ့မတူတဲ့ မကောင်းတဲ့ကောင်တစ်ကောင်ဖြစ်သွားမှာပဲလေ။ မင်းက သူ့ကို ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးအကြောင်းတို့ကိုသွားပြောမလို့လား? ငါတို့လုပ်သမျှအရာအားလုံးဟာ ချိယွမ်းအတွက်ပဲ။ မြန်မြန်သွားရအောင်၊ ငါတို့လမ်းခရီးမှာ အချိန်တွေအများကြီးနှောင့်နှေးသွားခဲ့ပြီးပြီ”

ယန်းချိုးရှန်းမှာမူ စကားတစ်ခွန်းမှမပြောပေ။ ပိန်းပိတ်အောင်မှောင်မည်းနေသော ရေအောက်ထဲတွင် အေးစက်သောသလင်းကျောက်သားနံရံများထက်ပို၍ပင် အေးစက်လှသော သူ၏မျက်နှာအမူအရာကို မည်သူကမှ ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခြင်းမရှိပါချေ။

စတေးခံယဇ်ကောင်အဖြစ်မြှုပ်နှံခံထားရသော ကလေးအလောင်းများမှာမည်ရွေ့မည်မျှရှိကြောင်းမသိနိုင်ပေ။ မီတာ ၁၀၀ ခန့်အထိအတန်းလိုက်ရှိနေကြပြီး အဆုံးသတ်ကိုမမြင်ရပါချေ။ ဂူသင်္ချိုင်းလိုဏ်ခေါင်းမှာလည်း ကျဉ်းသထက်ကျဉ်းမြောင်းလာလေရာ သူတို့အုပ်စုမှာ မလွှဲသာမရှောင်သာဘဲ ဖြည်းဖြည်းချင်းတစ်ယောက်ချင်းသာ တန်းစီပြီးသွားရသည့်အဖြစ်သို့ရောက်ရှိသွားကြလေသည်။ မည်သူကမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့လှည့်မကြည့်ရဲရှာဘဲ မိမိ၏အရှေ့တွင်ရှိနေသည့် လူ၏နောက်ကျောကိုသာလျှင်စိုက်ကြည့်နေကြရှာသည်။ ရှေ့ဆုံးမှဦးဆောင်သွားနေသော ရုပ်သေးရုပ်မိန်းမပျိုလေးမှာမူ စိုက်ကြည့်စရာနောက်ကျောပြင်မရှိရှာပေ။ သူမမှာ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည့်တိုင် အလွန်တရာစိတ်လှုပ်ရှားနေသောကြောင့် စကားမရှိစကားရှာရင်းပြောဆိုနေတော့သည်။

သောကမီးလျှံWhere stories live. Discover now