(၅၆-၂)

1.1K 240 44
                                    

ယန်းချိုးရှန်းက ကျောက်သားနံရံကိုမျက်နှာမူလိုက်သည်။ ဓားသွားသည် ရေသူသွေးများကိုပိုင်းဖြတ်လိုက်သည်။ ကျောက်သားနံရံပေါ်၌ဖြစ်ပေါ်သွားသော အပေါက်ငယ်၏ ထက်မြသောအနားစွန်းများကိုဖောက်ထွင်းကာ သေပြီးနောက်ပိုင်းအချိန်အထိတိုင်အောင် ပူဆွေးဝမ်းနည်းရိပ်သန်းနေရှာသည့် ကောင်းရှန်းမင်းသား၏မျက်နှာကို သူတေ့တေ့ဆိုင်ဆိုင်ကြည့်ရှုလိုက်သည်။ ထို့နောက် သူ့မျက်လုံးထောင့်စွန်းတွင် အပြုံးရိပ်တစ်ခုလှစ်ခနဲဖြတ်သန်းသွားလေသည်။

“ဝမ်ဇယ်၊ ကြည့်ရတာ မင်း အရိုက်ခံချင်နေပြန်ပြီနဲ့တူတယ်?”

ရင်းမင်ကျင်းဓားသွားသည်ကား တင့်တယ်လှပပြီး တိကျပြတ်သားသောစက်ဝန်းခြမ်းသဏ္ဌာန်ကိုရေးဆွဲနေလျက်ရှိကာ အစမှတ်နှင့်အဆုံးမှတ်တို့မှာ ပြန်လည်ထိစပ်လုနီးပါးဖြစ်နေလေပြီ။

ကူယွဲ့ရှီးမှာ သူမ၏ဖောက်ထွင်းမြင်နိုင်သောမျက်လုံးများကို အစွမ်းကုန်ပြူးကျယ်စွာဖွင့်လိုက်ပြီး သူတို့ကြားရှိပိတ်ဆို့ကာရံထားသော အကာအရံပေါ်တွင် အားနည်းချက်များရှိ၊ မရှိကို အသည်းအသန်ရှာဖွေလို့နေသည်။ သူမ၏မျက်လုံးများထံမှာသွေးမျက်ရည်များပင်ကျဆင်းလာတော့မယောင်။

ထိုအခိုက်မှာပင် ရေအောက်ထဲတွင် အခြားလူများကဲ့သို့လွတ်လွတ်လပ်လပ်သွားလာရွေ့လျားနိုင်စွမ်းမရှိသော ကျန်းကျောင်းခမျာ နောက်ဆုံး၌ သူတို့အနားသို့အမီလိုက်လာပြီဖြစ်သည်။ သူက အချိန်တစ်စက္ကန့်ကိုရပ်တန့်လိုက်၏။

ရွှမ်းကျီးက ကူယွဲ့ရှီး၏အင်္ကျီကော်လံကို နောက်မှဆောင့်ဆွဲကာ အော်ဟစ်လိုက်သည်။

“ဖယ်စမ်း”

သူ့လက်ချောင်းထိပ်များထံမှ မီးတောက်မီးလျှံများဝှစ်ခနဲထွက်ပေါ်လာသည်။ အဆိုပါမီးတောက်များမှာ အကြိမ်ရေအနည်းငယ်ခန့်အရောင်အဆင်းပြောင်းလဲသွားပြီးချိန်မှာတော့ နောက်ဆုံးတွင် ထူးဆန်းသောဆီးနှင်းဖြူရောင်အဖြစ်သို့ပြောင်းလဲသွားကာ လေပူဖောင်းထဲတွင်ရှိသော အောက်စီဂျင်များကို ချက်ချင်းဆိုသလိုပင် ကုန်စင်အောင်လောင်ကျွမ်းသွားစေတော့သည်။ ပင်လယ်ရေအောက်အနက်ရှိ ရေဖိအားများက သူ့ကိုယ်ပေါ်တွင်စုပြုံကျရောက်လာသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးထံမှ အလင်းရောင်များထွန်းလင်းဖြာထွက်နေသည့်နှယ်။

သောကမီးလျှံWhere stories live. Discover now