အတွဲ (၃) အပိုင်း (၄၃)

1.5K 293 47
                                    

လူ့ဘုံခန်းဝါသေမျိုးလောကကြီးဟူသည် မီးဟုန်းဟုန်းတောက်လောင်နေသော အပါယ်ငရဲဘုံတစ်ခုသဖွယ်၊
နက်ရှိုင်းစွာ ချစ်ခင်စုံမက်ခဲ့ကြသူများ၏အပြစ်ကြွေးများအား ခွင့်လွှတ်နိုင်ဖွယ်ရာမရှိ
(ကမ္ဗည်းစာ)


ရှန့်လင်ယွမ်းတစ်ယောက် သုံးချွမ်း၏မြို့တော်နယ်နိမိတ်အတွင်း၌ အချိန်အတော်ကြာအောင် ရောက်ရာပေါက်ရာလျှောက်သွားနေမိသည်။ ဟိုတယ်ရှေ့တွင်ရှိသည့် ရင်ပြင်လေးအတိုင်း လျှောက်လှမ်းသွားလာနေရင်း မြို့တွင်းရှိမြစ်တစ်စင်းဆီသို့ရောက်ရှိသွားလေသည်။ နေဝင်ရီတရောညနေဆည်းဆာအချိန်ဝယ် မြစ်ပြင်ထက်ရှိ ခရီးသွားလှေငယ်လေးများသည်ကား ပေါင်းအိုးတစ်လုံးထဲတွင်ရှိနေသော ဖက်ထုပ်များသဖွယ်။ ထိုနေရာမှာ သင်္ဘောဆိပ်ကမ်းတစ်ခုကဲ့သို့ပင် လူသွားလူလာများဖြင့်ရှုပ်ထွေးစည်ကားနေလျက်ရှိပြီး လက်မှတ်ရောင်းသောပြတင်းပေါက်နားတွင်လည်း လူများဖြင့်ကြိတ်ကြိတ်တိုးနေလျက်ရှိ၏။ ကမ်းစပ်တစ်လျှောက်တွင် အသေးစား တီးဝိုင်းလေးများဆီမှ တေးသီချင်းသံများ ရံဖန်ရံခါပျံ့လွင့်ထွက်ပေါ်လာနေသည်။ ညနေခင်းလေနုအေးလေးက နို့လက်ဖက်ရည်နံ့များ ကပ်ငြိစိုစွတ်နေဆဲဖြစ်သော ရှန့်လင်ယွမ်း၏ နားထင်ပေါ်ရှိ ဆံချည်တစ်မျှင်အား အထက်သို့ပင့်တင်လွင့်မျောစေ
လိုက်လေသည်။

ရှန့်လင်ယွမ်းမှာ ပန်းခြံအတွင်းရှိခုံတန်းရှည်တစ်လုံးပေါ်တွင် ထိုင်နေလျက် ရေပြင်ကျယ်၏တစ်ဖက်ကမ်းသို့ ငေးစိုက်ကြည့်ရှုနေရင်း လူငယ်ဓာတ်ပုံဆရာလေးများက သူ့အား သူတို့၏ဓာတ်ပုံထဲတွင် ညမြင်ကွင်းတစ်စိတ်တစ်ပိုင်းအဖြစ်ရိုက်ယူနေတာကိုလည်း တိတ်တဆိတ်သာ ခွင့်ပြုထားလိုက်သည်။

သူ့အပြုံးများကိုရောင်းစားခြင်းဖြင့်ရရှိလာသော ချောကလက်ပူပူတစ်ခွက်ကိုကိုင်ထားလျက်ပင် ထိုအရောင်းအဝယ်မှာ အရှုံးပေါ်သွားပြီဟု သူတွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ စေးပျစ်အီဆိမ့်လှပြီး ခါးသက်သက်အရသာအထဲမှ ချိုမွှေးနေသောအရသာတို့ထွက်ပေါ်လာခြင်းဖြစ်သည်။ ပူစီဖောင်းကလေးများတစီစီထနေသော ‘အနက်ရောင်အရည်’ များလောက်တောင် သောက်လို့မကောင်းလှပါချေ။ သို့ပေသိ သူ ထိုအရာကို လွှတ်လည်းလွှတ်မပစ်နိုင်ပေ။ တစ်ငုံပြီးတစ်ငုံသောက်ရင်းပင် နောက်ဆုံး တစ်ခွက်လုံးကုန်စင်သွားသည်အထိသောက်ခဲ့လေသည်။ ဤအရာမှာ အရသာဆိုးဝါးလှသည့်တိုင် အနည်းဆုံးတော့ လစ်ဟာနေသောဝမ်းဗိုက်ကိုပြည့်တင်းစေနိုင်တာပဲဖြစ်သည်။ အစာရေစာငတ်မွတ်ခေါင်းပါးသောခေတ်ကာလများတွင် ထိုအရာသည်ကား လူ့အသက်တစ်ချောင်းကိုကယ်တင်ပေးနိုင်သောအရာဖြစ်ပေလိမ့်မည်။ သူ၏ငယ်စဉ်တောင်ကျေးကလေးဘဝရှိနှစ်ကာလအများစုမှာ အငတ်ဘေးဆိုက်ခဲ့ဖူးသောနှစ်ကာလများဖြစ်ပြီး ၎င်းမှာ ထိုငတ်မွတ်ခေါင်းပါးခြင်းတည်းဟူသော ဒုဗ္ဘိက္ခန္တရကပ်ဆိုးကြီးကို ကောင်းကောင်းကြီးတွေ့ကြုံခံစားခဲ့ရဖူးသူဖြစ်သည်။ သို့ဖြစ်ရာ မိမိမှာ နှစ်ပေါင်းအတော်ကြာအောင် ဥပုသ်သီတင်းသီလစောင့်တည်ကာ အစာအာဟာရမှီဝဲခြင်းမရှိဘဲနေထိုင်လာခဲ့သူတစ်ဦးဖြစ်စေကာမူ ထိုအရာကို အလဟဿဖြုန်းတီးမပစ်လိုပါချေ။

သောကမီးလျှံWhere stories live. Discover now