(၁၉)

1.4K 324 17
                                    

အကယ်၍ တစ်စုံတစ်ယောက်က ‘ငါ လူသတ်ခဲ့တယ်’ ဟု ပြောလာလျှင် ထိုသူသည် ဧကန်မုချ လူသတ်သမားတစ်ယောက်ဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ယောက်က “ငါ လူ ၃၆ ယောက်ကိုသတ်ခဲ့တယ်” ဟုပြောလာလျှင် ထိုသူသည်ကား တီဗီထဲတွင်ပါလာနိုင်ပြီး ဥပဒေရေးရာပညာပေးအစီအစဉ်အတွက် အဓိကဇာတ်ကောင်တစ်ခုဖြစ်လာနိုင်သည်။

သို့သော် အကယ်၍ တစ်စုံတစ်ယောက်က “ငါ လူပေါင်း ၄၁,၆၃၆ ယောက်ကိုသတ်ခဲ့တယ်” ဟုပြောလာလျှင်တော့……ထိုသူသည်ကား အင်တာနက်ဗီဒီယိုဂိမ်းများကိုရူးသွပ်စွဲလမ်းနေသော လူငယ်တစ်ယောက်ဖြစ်နိုင်သည်။

ရွှမ်းကျီးက အူတီးအူကြောင်ဖြစ်သွားလျက် ‘အာ’ ဟုတစ်ချက်ရေရွတ်လိုက်ပြီးနောက် မသိလိုက်မသိဘာသာဖြင့် အဓိကအကြောင်းအရာမှသွေဖယ်ကာမေးလိုက်မိလေသည်။

“ခင်ဗျားပြောတော့ ကိုယ်ဘယ်သူလဲဆိုတာကိုတောင် မမှတ်မိဘူးဆို။ ဒီလောက် ကိန်းဂဏန်းအများကြီးကိုတော့ မှတ်မိသေးတယ်ပေါ့?”

ဒီမိစ္ဆာက အရင်ဘဝတုန်းက ရှေးခေတ်စာရင်းကိုင်တစ်ယောက်များ ဖြစ်ခဲ့တာလား?

ရှန့်လင်ယွမ်းက သူ့ကိုလျစ်လျူရှုထားနေ၏။

ရွှမ်းကျီးက နောက်တစ်ကြိမ်ထပ်မေးပြန်သည်။

“ဒါမှမဟုတ် အခုမှ တစ်ခုခုကိုပြန်သတိရလာတာလား?”

တခဏမျှကြာပြီးနောက်မှာတော့ ဓားထဲ၌ရှိနေသောလူဆီမှ ‘အင်း’ ဟု မသဲမကွဲဖြေသံတစ်သံကို သူကြားလိုက်ရလေသည်။

ရွှမ်းကျီးခမျာ ချက်ချင်းဆိုသလိုပင် ဝမ်းနည်းပက်လက်ဖြစ်သွားရှာတော့သည်။

“နှမြောစရာကောင်းလိုက်တာကွာ ! “

၎င်းမှာ သူ့ကိုယ်သူ စတော့ဈေးကွက်ကြီးပျက်စီးခါနီးအချိန်တွင်မှ ကျီတစ်ကျီစာအပြည့်သိုလှောင်ခံလိုက်ရသော *ဈေးကြီးပေးဝယ်ထားရသည့်ကြက်သွန်မြိတ်များသဖွယ် ခံစားလိုက်ရလေတော့သည်။ ဒါက ဘယ်လိုတောင် ကံဆိုးရတာလဲကွာ !

ရွှမ်းကျီးမှာ ခုနလေးတုန်းက မိစ္ဆာသခင်ကြီး၏ဦးနှောက်ကို ရှာဖွေရေးအင်ဂျင်စက်တစ်လုံးသဖွယ် စိတ်ကြိုက်အသုံးချလို့ရနေချိန်တုန်းမှာတော့ မိစ္ဆာသခင်ကြီးသည်ကား သူ့နာမည်ကိုတောင်သူမမှတ်မိရှာပေ။ ယခု သူတို့နှစ်ယောက်ကြားရှိ အဆက်အသွယ်ပြတ်တောက်သွားချိန်မှာတော့ အနှီမိစ္ဆာက သူ့မှတ်ဉာဏ်များပြန်ရလာပြီဟုပြောလာ၏ !

သောကမီးလျှံWhere stories live. Discover now