(၂၅)

1.2K 295 9
                                    


သတိပေးချက်--သွေးထွက်သံယို အနိဋ္ဌာရုံမြင်ကွင်းများပါဝင်ပါသည်။

***********************

သူတို့ပြောနေရင်းတန်းလန်းမှာပင် မက်မွန်ပန်းပွင့်များလှပဝေဆာစွာ ပွင့်လန်းဖူးပွင့်နေလျက်ရှိသော သုခဘုံလေးသည်ကား ဖြည်းညင်းစွာပင် စတင်၍အရှေ့ဘက်သို့တွန်းပို့ခံလိုက်ရသည်။ ရှန့်လင်ယွမ်းနှင့် ရွှမ်းကျီးတို့နှစ်ယောက်မှာ ထိုပုံရိပ်အတွင်းသို့ရစ်ပတ်ဆွဲသွင်းခံလိုက်ရရှာပြီး ရွေ့လျားနေသောအချိန်ရေယာဉ်ကြောနှင့်အတူ အတင်းအဓမ္မစီးမျောလိုက်ပါသွားရသယောင်။

မိမိတိုင်းပြည်မှပြည်နှင်ဒဏ်ခံလိုက်ရရှာသော လူသားအိမ်ရှေ့စံမင်းသားငယ်လေးသည်ကား ရရှိလာသောဒဏ်ရာများမှာ အနာကောင်းကောင်းမကျက်သေးသောကြောင့် ပြတင်းပေါက်ကိုမှီကာ မျက်လုံးအစုံကိုမှိတ်ထားရင်းအနားယူနေလျက်ရှိသည်။ ရုတ်တရက် ထူးဆန်းသောအင်းဆက်ပိုးကောင်တစ်ကောင်မှာ ပြတင်းပေါက်ကိုဖြတ်၍ အတွင်းသို့ပျံဝင်လာကာ သူ့နဖူးတည့်တည့်ပေါ်သို့ပြုတ်ကျလာသည်။ ဆိုးသွမ်းသောကလေးငယ်လေးများ၏ မအောင့်နိုင်မအီးနိုင်စွာဖြင့်ထွက်ပေါ်လာသော ရယ်မောသံများကို သူကြားလိုက်ရသည်။ ရှန့်လင်ယွမ်းမှာ အသက် ၁၀ နှစ်အရွယ်သာရှိသေးသော်ငြား ထိုဆယ်နှစ်လုံးလုံးကို ပြေးရင်းလွှားရင်း အဆုံးမရှိသောကြောက်ရွံ့ထိတ်လန့်မှုများကြား၌ဖြတ်သန်းကုန်ဆုံးခဲ့သည်ဖြစ်လေရာ အစောကြီးကတည်းကပင် သူ့ထံ၌ ကလေးတစ်ယောက်၏စိတ်ဓာတ်မျိုးပျောက်ဆုံးသွားပြီဖြစ်သည်။ သူက ထိုကလေးဆိုးလေးများနှင့်လည်း ဖက်ပြိုင်ရန်ဖြစ်ခြင်းမပြုသလို သူတို့နှင့် ဝတ်ကျေတမ်းကျေ စနောက်ကျီစယ်ဆော့ကစားပေးရန်လည်း စိတ်မဝင်စားပါချေ။ သူက သူ့မျက်နှာပေါ်တွင်ကပ်နေသောပိုးကောင်ကို တည်တည်ငြိမ်ငြိမ်နှင့်ပင် ဖယ်ရှားလိုက်ပြီး လက်ကိုပြတင်းပေါက်အပြင်ဘက်သို့ဆန့်ထုတ်ကာ ပိုးကောင်လေးကိုလွှတ်ပေးလိုက်သည်။ ထို့နောက် နတ်ဆရာဘာသာစကားဖြင့် မပီကလာပီကလာပြောလိုက်သည်။

“မင်း ဒီလိုတွေဆက်လုပ်နေဦးမယ်ဆိုရင် ငါ မင်းအဖေဆီ နောက်တစ်ခေါက်တိုင်ပြောလိုက်မှာနော်”

သောကမီးလျှံWhere stories live. Discover now