(၁၅)

1.6K 335 52
                                    

DCO ၏ပင်မဆောင်တစ်ခုလုံးသည်ကား ပူဆွေးယဇ်ပူဇော်ပွဲကြောင့်ဖြစ်ပေါ်လာသော မိုးကြိုးလျှပ်စီးများလက်ချက်ကြောင့် ပရမ်းပတာဖြစ်နေရှာလေပြီ။ အထပ်ဆယ်ထပ်စလုံးကို ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက်ပိတ်ထားလိုက်ရသည်။ အခြေအမြစ်သစ်ပင်ကြီးကိုပင် လေလုံမိုးလုံအကာအကွယ်သတ္တုပြားများဖြင့် ကာရံထားရ၏။

ရွှမ်းကျီးသည်ပင် ကားပါကင်ဘက်မှ ကွေ့ပတ်ပြီးဝင်သွားရသည်။

ဌာနချုပ်အဆောက်အအုံရှိ အထပ် (၆၀) မြောက်မြေအောက်ထပ်တွင်မူ မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမှန်းမသိသေးသော အန္တရာယ်ရှိသည့်ပစ္စည်းပေါင်းစုံကိုထိန်းသိမ်းသိုလှောင်ထားသော ‘ သီးသန့်ခန်း’ တစ်ခုရှိသည်။ တံခါးပေါက်ဝတွင် သုံးကြိမ်သုံးခါတိုင်တိုင် လုံခြုံရေးစစ်ဆေးမှုကိုခံယူရသည်။

၎င်းမှာ ဓားကိုလက်ထဲမှချမထားနိုင်သောကြောင့် ဌာနချုပ်အတွင်းသို့ သူနှင့်အတူ မိစ္ဆာတစ်ကောင်ကိုပါ တစ်ပါတည်းခေါ်လာခဲ့မိမှန်း သူကိုယ်တိုင်လည်းမသိရှာပါချေ။ ရှန့်လင်ယွမ်းခမျာလည်း မည်သို့မှမတတ်နိုင်ရှာဘဲ လုံခြုံရေး X-Ray စက်အတွင်း၌ သုံးကြိမ်တိုင်တိုင် အတင်းအဓမ္မစစ်ဆေးခံခဲ့ရရှာ၏။ သို့ဖြစ်ရာ ချုပ်တည်းထားသမျှဒေါသတို့က ပွင့်ထွက်ပေါက်ကွဲသွားပြီဖြစ်သည်။

ရှောင်းကျန်း ဖုန်းခေါ်လာချိန်၌ လူသားမိစ္ဆာအရှင်သခင်ကြီးသည်ကား လေးလံသောဓားထဲတွင် သူ့မျက်လုံးများကိုမှိတ်ကာ အနားယူနေချိန်ဖြစ်သည်။ မူလက ထိုကဲ့သို့ အိပ်စက်အနားယူရန် အစီအစဉ်မရှိခဲ့။ မိစ္ဆာလေးလက်ထဲရှိ ဝါးပုရပိုက်လေးထက်မှ ရင်းနှီးကျွမ်းဝင်သောအနံ့အသက်တစ်မျိုးကိုရသောကြောင့် သူ ထိုအရာကို စိတ်ဝင်စားသွားသည်။ မိစ္ဆာလေးက အနှီပုရပိုက်ကိုဖြန့်ချလိုက်ပါက သူ့နေရာမှနေ၍ ပိုပြီးကောင်းကောင်းမြင်ရသည့် မြင်ကွင်းအနေအထားမျိုးရလာလိမ့်မည်ဟု အစက ထင်ထားခဲ့မိသည်။ သို့သော် အနှီအမိုက်အမဲသတ္တဝါလေးက စာကြောင်းနှစ်ကြောင်းတောင်ဆုံးအောင်မဖတ်ရသေးခင်မှာပင် မျက်လုံးနှင့်နှာခေါင်းများပိပြားကပ်သွားသည်အထိ အိပ်ပျော်သွားလိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။

သောကမီးလျှံWhere stories live. Discover now