အတွဲ(၁) အပိုင်း (၁)

6K 555 67
                                    


(ကမ္ဗည်းစာ)

မီးအကြီးအကျယ်တစ်ခါလောင်ပြီးတိုင်း အသက်ရှင်ကျန်ရစ်မယ့် ပုရစ်ကောင်တွေနဲ့ပုရွက်ဆိတ်တွေရှိကြလိမ့်မယ်

T/N
ပုရစ်ကောင်နဲ့ပုရွက်ဆိတ်တွေဆိုတာ အင်အားမရှိတဲ့လူတွေကိုပြောတာပါ


ယုံအန်းမြို့တော်အပြင်ဘက်၊ ရှီးရှန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ

ဆောင်းဦးမိုးစက်များရွာသွန်းပြီးချိန်၌ အနီရောင်သစ်ရွက်များမှာ အနည်းနှင့်အများကြွေကျမြေခကုန်ကြပြီဖြစ်သည်။ လာ​ရောက်လည်ပတ်သူဧည့်သည်တော်အနည်းငယ်သာရှိသည့် ဘုရားကျောင်းငယ်လေးအတွင်းမှ အထီးကျန်ဆန်လှ​သော ညနေခင်းအုန်းမောင်းခေါက်သံတို့ကိုသာကြားနေရ၏။ အေးစိမ့်သောရက်တစ်ရက်ပင်ဖြစ်သော်ငြား တောင်ကုန်းပေါ်သို့တက်နေသောလမ်းတစ်လျှောက်တွင် ရွှမ်းကျီး၏တစ်ကိုယ်လုံးကား ချွေးများဖြင့်ရွှဲနစ်နေပြီဖြစ်သည်__ရှေ့မှဦးဆောင်လမ်းပြနေသော ဒါရိုက်တာရှောင်းကတော့ သူအရှေ့မှ ခပ်သွက်သွက်လျှောက်လှမ်းနေသည်။ သူ့ခြေထောက်များအောက်တွင် မီးပွင့်နေသောဘီးလုံးနှစ်ဘီးတပ်ထားသည့်နှယ် ခြေထောက်နှင့်မြေကြီးမထိဘဲ လေဟုန်ခွင်းကာ လျှောတိုက်ပြေးလွှားနေသကဲ့သို့ပင်။ သူတို့နှစ်ဦးမှာ မရပ်မနားသွားလာကြပြီးသကာလ တောင်ထိပ်ရှိဘုရားကျောင်းလေး၏အနောက်တံခါးပေါက်သို့ရောက်ရှိသွားကြတော့သည်။

ဒါရိုက်တာရှောင်းက တံခါးကိုဖွင့်လိုက်သည်။ ရွှမ်းကျီးက နောက်ဆုံးမှသာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ရင်း ခါးထောက်လျက် ပွစိပွစိရေရွတ်လာ၏။

"ကျွန်တော်ပြောမယ်ဗျာ....ဒါရိုက်တာရှောင်း...ဘာပဲပြောပြော ကျွန်​တော်တို့က အစိုးရအရာရှိတွေပဲမဟုတ်ဘူးလား။ နည်းနည်းပါးပါး အေးအေးဆေးဆေးသွားလို့လာလို့မရဘူးလားဗျာ? ကျွန်တော့်မှာ ခင်ဗျား ဘယ်တော့ ခြေချော်ပြီး ပေါင်ကားသွားမလဲဆိုတာကို လမ်းတစ်လျှောက်လုံး ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရတာ"

သောကမီးလျှံWhere stories live. Discover now