(၁၇-၁)

1.4K 307 4
                                    


"ဒါရိုက်တာ...ဌာနချုပ်က ပူဆွေးယဇ်ပူဇော်ပွဲရဲ့ နောက်ဆုံးယဇ်ကောင်ဖြစ်တဲ့ ကျိချင်းချန်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပေးပို့လာပါတယ်"

ဖျင်ချန့်ရူက ရွှမ်းကျီး၏မျက်နှာအမူအရာကို ဂရုတစိုက်ဖတ်ရှုအကဲခတ်လိုက်သောအခါ ကံကြမ္မာက သူ့လည်မျိုကိုတင်းကြပ်စွာဖျစ်ညှစ်ဆုပ်ကိုင်ထားသည့်အလား မျက်နှာတစ်ခုလုံးမှာ မရယ်မပြုံးဘဲတည်ကြည်လေးနက်လျက်ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။

"ဟို...ဆရာနားထောင်ချင်လားဟင်?"

မိမိ၏ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များအချိန်မရွေးပေါက်ကြားသွားနိုင်သည့် အန္တရာယ်အကြပ်အတည်းထဲတွင်ရောက်နေရှာသော ရွှမ်းကျီးမှာ စိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။

"ဆက်ပြော"

"ကျိချင်းချန်၊ သုံးချွမ်းဇာတိ၊ အထက်တန်းတုန်းက ကျောင်းမှာခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းနားခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း ဆင့်ပွားဈေးကွက်ဖြန့်ချိရေးစနစ်(Multi-level Marketing)တစ်ခုမှာ ခဏအလုပ်ဝင်လုပ်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းကို ရဲတွေက ပိတ်သိမ်းလိုက်တဲ့အခါမှာတော့ ရိုးရာလက်ဆောင်ပစ္စည်းအရောင်းဆိုင်တစ်ခုမှာ ကြုံရာကျပန်းအလုပ်ကိုတစ်နှစ်လောက်ဝင်လုပ်ခဲ့တယ်။ အဲဒီအလုပ်လုပ်နေရင်းက *ရွှမ်ရွှဲပညာရပ်ကို တော်တော်လေးသဘောခွေ့သွားတဲ့ပုံပဲ။ အိမ်တွင်းရောဂါကုထုံးနည်းလမ်းတွေကိုရောင်းစားတယ်၊ ဗေဒင်ဟောစားတယ်....သူ့ရဲ့ကလိမ်ကကျစ်အတွေ့အကြုံတွေကိုစုဆောင်းပြီး လုပ်လို့ရတာမှန်သမျှအကုန်လုပ်တော့တာပဲ။ ဒီနှစ်နှစ်အတွင်းမှာ လူတွေက အင်တာနက်အသုံးပြုမှုတွေများပြားလာတော့ သူက တစ်ဖက်မှာ ထူးထူးဆန်းဆန်းဗီဒီယိုတွေကိုရိုက်ကူးပြီး အွန်လိုင်းပေါ်မှာတင်ရင်း နာမည်ကြီးလာသလို တစ်ဖက်ကလည်း အပြင်လောကမှာ လူတွေကိုညာစားနေတာ"

ထိုသူသည်ကား အင်တာနက်ကိုကောင်းကောင်းအသုံးချတတ်သော လမ်းဘေးက လူလိမ်တစ်ယောက်ဖြစ်လေသည်။

*ရွှမ်ရွှဲ--တာအိုနှင့်ကွန်ဖြူးရှပ်တို့၏စံနမူနာထားဖွယ်ရာလမ်းညွှန်ချက်များကို ရောနှောပေါင်းစပ်ထားသည့် ဝေနှင့်ကျင်း ဒဿနိကဗေဒဆိုင်ရာသင်တန်းကျောင်း။

သောကမီးလျှံWhere stories live. Discover now