အတွဲ (၄) အခန်း (၆၄)

870 128 11
                                    

အတွဲ (၄)

ကျေးကျွန်

လွတ်လပ်မှုသည် ပြည်နှင်ဒဏ်ပေးခံရခြင်း၏အစကနဦး၊ နာကျင်မှုဝေဒနာတို့၏မြစ်ဖျားခံရာ__ကမ္ဗည်းစာ

ရွှမ်းကျီးသည် ပြောမပြတတ်သောဝမ်းနည်းပူဆွေးမှုများနှင့် အထီးကျန်မှုများအတွင်း၌ ပိတ်မိနေဆဲဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်၏အခန်းမျက်နှာကျက်အား ငူငူငိုင်ငိုင် ငေးကြည့်နေမိလေသည်။ ယခုအချိန်မှာ ညဉ့်နက်သန်းခေါင်ချိန်ရောက်နေပြီဖြစ်လေရာ ဆေးရုံဝင်းအတွင်း၌ မီးများပိတ်သွားကြပြီး အရပ်လေးမျက်နှာတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။

ပိန်းပိတ်အောင်မှောင်မည်းနေသောအမှောင်ထုအတွင်းဝယ် အသံတစ်သံ ပျံ့လွင့်ထွက်ပေါ်လာသည်။

"နိုးလာပြီလား"

ရွှမ်းကျီးမှာ ရုတ်တရက်သတိလက်လွတ်ဖြစ်သွားပြီး ထိုစကားသံကြောင့် လန့်ဖျပ်ကာ အထက်ကောင်းကင်ဘုံသို့ တက်လှမ်းသွားတော့မယောင်။ ၎င်းမှာ လွင့်သွားသည့် သူ့လိပ်ပြာကို ပျာပျာသလဲ လှမ်းဆွဲဖမ်းထားလိုက်ရလေသည်။ ထိုအခါမှပင် ပြတင်းပေါက်ဘေးနားတွင် မဟူရာရောင်ရှည်မျောမျောလူရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ သူ့ကိုယ်သူ ထင်ယောင်ထင်မှားဖြစ်နေခြင်းလော သို့မဟုတ် အိပ်မက်မက်နေခြင်းလော မခွဲခြားနိုင်တော့သည့် ရုပ်ရှင်ဇာတ်လမ်းထဲမှ အမျိုးသားဇာတ်ဆောင်တစ်ဦးသဖွယ်။

သူက မည်သည့်စကားမျှမဆိုဘဲ လက်ကိုဆန့်တန်းကာ ရင်ဘတ်ကိုဖိနှိပ်ထားလိုက်ရင်း လည်ချောင်းထဲသို့ဆန်တက်လာသည့် သူ့နှလုံးသားကို အောက်သို့ပြန်လည်ဖိချလိုက်ရ သည်။ ရင်ဘတ်တစ်ခုလုံးမှာလည်း မွန်းကျပ်နာကျင်နေသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုအတွက် အလုပ်မှ လျော်ကြေးပြန်တောင်းလို့ရနိုင်သလားမသိပေ။

ထူးခြားစွမ်းရည်ဆေးရုံ၏လူနာဆောင်များမှာ တစ်ယောက်ခန်းများသာဖြစ်သည်။ မြောက်အရပ်ကိုကျောပေးကာ တောင်အရပ်သို့မျက်နှာမူထားပြီး သန့်ရှင်းသပ်ရပ်လှသည်။ ထူထဲသောခန်းဆီးများအား ပြတင်းပေါက်ပေါ်၌ တစ်ဝက်ခန့်ဆွဲတင်ထားပြီး အလယ်တွင် ပါးလျသော လိုက်ကာတစ်ခုသာ တွဲလောင်းကျနေသည်။ ငွေသော်တာလရောင်ခြည်နှင့် ကြယ်တာရာတို့၏ အလင်းရောင်စဉ်များမှာ ရောနှောစပ်ယှက်နေကြပြီး ပါးလျသော လိုက်ကာစအဟလေးကြားထဲမှ အခန်းတွင်းသို့ အကြားအလပ်မရှိ ထိုးဖောက်ဝင်ရောက်လာနေကြသည်။ သို့သော် ၎င်းတို့မှာ ပြတင်းပေါက်အနားရှိလူကိုမူ အလိုအလျောက်ရှောင်ကွင်းသွားကြ၏။ သူ့ကိုယ်ပေါ်သို့ အလင်းရောင် တစ်စွန်းတစ်စသော်မျှ စွန်းထင်းမသွားစေရဲသလို။

သောကမီးလျှံWhere stories live. Discover now