(၆၆)

718 90 19
                                    

အခန်း (၆၆)

"ငါပြောတာနားလည်လား"

အဖြူရောင်မီးခိုးငွေ့များက ရွှမ်းကျီး၏အသိစိတ်ကို လွှမ်းခြုံရစ်သိုင်းသွားလျက် သူ့မျက်စိရှေ့မှောက်တွင် ပိန်းပိတ်အောင်မှောင်အတိကျသွားပြီး ကလေးငယ်တစ်ယောက်၏အသံကိုသာလျှင်ကြားလိုက်ရသည်။

ကလေးငယ်၏အသံမှာ နားထောင်ကြည့်လိုက်လျှင် အသံပြောင်းသွားသော ကြီးကောင်ဝင်သွားပြီဖြစ်သည့်အသက်အရွယ်သို့ အတော်အသင့်မရောက်သေးသော်ငြား ကလေးငယ်တစ်ယောက်၏အသံမျိုးလည်း စိုးစဉ်းမျှပေါက်မနေဘဲ မဆိုစလောက်နားယဉ်နေသောအသံမျိုးဖြစ်သည်။ ရွှမ်းကျီးသည် သူ၏ ယခင် အလုပ်အကိုင်မှရရှိလာသောအလေ့အကျင့်ကြောင့် နှုတ်မှုရေးရာတွင် အလွန်အင်မတန်အကင်းပါးသူဖြစ်သည်။ သူသည် နှစ်ခွန်းလောက်နားထောင်ပြီးသည်နှင့် ထိုကလေးငယ်သည်ကား လူကြီးတစ်ယောက်ကဲ့သို့အသံမျိုးကို တုပထားကြောင်းသဘောပေါက်သွားသည်__ ကောင်လေး၏စကားအပြောအဆိုမှာ အလွန်တရာရှင်းလင်းပြတ်သားလှပြီး တစ်ချိန်တည်းမှာပင် စကားလုံးများ၏နောက်ဆုံးအသံထွက်တို့ကို အလွန်အင်မတန် တိုးညင်းသာယာစွာ ဂရုတစိုက်ပြောဆိုနေသည်။ အရွယ်မတိုင်ခင်ရင့်ကျက်နေသော ခံစားချက်တစ်မျိုးတစ်ဖုံကို ဖန်တီးတည်ဆောက်ထား၏။

ထိုကလေးငယ်က ထပ်မံ၍ မေးမြန်းလိုက်သည်။

"မင်း နားထောင်နေရဲ့လား"

ရွှမ်းကျီး၏မျက်စိရှေ့မှောက်တွင် ရုတ်တရက် လင်းလက်သွား၏။ ကျောက်သလင်းတမျှ ကြည်လင်တောက်ပသော နဂါးငွေ့တန်းကြယ်တာရာများသည် သူ၏အမြင်အာရုံအတွင်းသို့ သက်ဆင်းဝင်ရောက်လာသည်။

ထို့နောက် အဆိုပါမျက်လုံးက မျက်တောင်ခတ်သွားပြီး ရွှမ်းကျီး၏မျက်စိရှေ့မှောက်ရှိမြင်ကွင်းကို တစ်ချက်မျှဖုံးကာသွား၏။ လူတစ်ယောက်သည် ယေဘုယျအားဖြင့် မြင်ကွင်းတစ်ခုခုကိုကြည့်နေခိုက် သူ့ဘာသာသူ မျက်တောင်ခတ်လိုက်ခြင်းကို သတိမထားမိတတ်ကြပါချေ။ ရွှမ်းကျီးတစ်ယောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ သူသည် အခြားလူတစ်ယောက်၏ မျက်လုံးများမှတစ်ဆင့် ကြယ်တာရာကောင်းကင်ပြင်ကြီးကိုကြည့်နေခြင်းဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now