(၂)

2.9K 450 37
                                    

Unicode

ဓာတ်လှေကားတံခါးက ၃၆ထပ်တွင် ပွင့်သွားသည်နှင့်တပြိုင်နက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ရွှမ်းကျီး၏မျက်လုံးတို့ပြာဝေသွားတော့၏__ဤအထပ်တစ်ထပ်လုံးသည်ကား တစ်ဝက်တစ်ပျက်အမိုးပွင့်ပုံစံပြုလုပ်ထားခြင်းဖြစ်ကြောင်းကိုအံ့သြတကြီးတွေ့မြင်လိုက်ရ၏။ အလယ်တွင်မှန်တံခါးတစ်ချပ်ရှိကာ တောင်ဘက်သို့မျက်နှာမူထားသော ကြမ်းခင်းမှမျက်နှာကျက်အထိအတန်းလိုက်ရှိနေသည့် မှန်ပြတင်းများ​ကြောင့် မြို့တော်ကိုအပေါ်စီးမှပင်ငုံ့ကြည့်နိုင်ပေ၏။

ထို ၃၆ထပ်မှာပင် အဆောက်အဦးအပြင်ဘက်သို့ ထုတ်ထားသော ဝရန်တာတစ်ခုရှိသေးသည်။ ရွှမ်းကျီးက သူ့မျက်လုံးများကိုပွတ်သပ်လိုက်သောအခါ ထိုဝရန်တာပေါ်တွင် ရှုပ်ထွေးလွန်းလှသည့်ဂါထာမန္တန်အများအ​​​ပြားကိုတွေ့လိုက်ရသည်။ အလွှာလိုက်အလွှာလိုက်ရေးသားထားသော ဂါထာမန္တန်တို့က ဝရန်တာတစ်ခုလုံးအပြည့်ပင်။ ထိုဝရန်တာအပေါ်တွင် ရဟတ်ယာဥ်ဆင်းသက်ရန်မဆိုထားဘိ လေယာဥ်ပြေးလမ်း​​ကြောင်းလုပ်ရင်တောင်မှရပေလိမ့်မည်။

လူသားကမ္ဘာတွင်ပျင်းရိပျင်းတွဲရှင်သန်နေထိုင်လာခဲ့သမျှ နှစ်ပေါင်းများစွာအတွင်း ရွှမ်းကျီးသည်ကား အရာအားလုံးကိုတွေ့မြင်ခဲ့ပြီးပြီဟုထင်မှတ်နေကာ သူ၏မိုးကုပ်စက်ဝန်းကိုထပ်မံဖြန့်ကျက်စရာအကြောင်းမရှိတော့ဟုအထင်ရောက်ခဲ့မိ၏။ သို့သော် လူသားလုပ်သားများ၏အလွန်အင်မတန်ကြီးမားသော ဧရာမစွမ်းဆောင်ရည်တို့က သူ့ကို တခဏမျှ အံ့သြမှင်တက်သွားစေတော့သည်။ စူးရှသည့်နေရောင်ခြည်ကြောင့် ခေါင်းများပင် မူးနောက်နောက်ဖြစ်လာရပြီး 'ပြန်လည်ပြုပြင်ရေးဌာန' ကိုရှာမတွေ့သေးခင်မှာပင် သူ့အနားရှိ ဓာတ်လှေကားတံခါးကပွင့်သွားပြီးနောက် အလျင်စလိုပြေးထွက်လာသော ရှောင်းကျန်းနှင့်အတူ သူ့နောက်မှ တကောက်ကောက်လိုက်ပါလာသူများကိုတွေ့လိုက်ရလေသည်။

ဓာတ်လှေကားအပေါက်ဝတွင် အရူးတစ်ယောက်လိုအူကြောင်ကြောင်ရပ်နေရှာသော တောသားငနုံ ရွှမ်းကျီးကိုမြင်လိုက်သည်နှင့်တပြိုင်နက် ဟာရီကိန်းမုန်တိုင်းရှောင်းက လျှပ်စီးအလျင်နှင့်ရောက်လာကာ သူ့ကို လမ်းတစ်လျှောက်ဆွဲခေါ်သွားလေတော့သည်။

သောကမီးလျှံWhere stories live. Discover now