(၅၁)

1.2K 249 26
                                    

ယွီယန်မြို့သည် ယွီကျိုးကျွန်းစီရင်စု၏မြို့တော်ဖြစ်သည်။ ယုံအန်းမြို့တွင် ဆောင်းဝင်လာပြီဖြစ်သော်ငြား အပူလျော့ပိုင်းဒေသဖြစ်သော ယွီယန်မြို့မှာမူ ပူပြင်းခြောက်သွေ့သော နွေခေါင်ခေါင်ရာသီဥတုအတွင်း၌သာရှိနေဆဲဖြစ်သည်။

ယွီယန်မြို့သစ်ဧရိယာအတွင်းရှိ အသင့်စားအစားအသောက်များကိုရောင်းချသောစားသောက်ဆိုင်လေးတစ်ခုမှာ သိပ်မကြာသေးခင်ရက်ပိုင်းအတွင်း အင်တာနက်ပေါ်တွင်နာမည်ကျော်ကြားရေပန်းစားလာသည်။ အလုပ်ပိတ်ရက်ကျောင်းပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့ မနက်ပိုင်းအချိန်များတွင် အလုပ်မရှိဘဲပျင်းရိငြီးငွေ့နေကြသောလူငယ်လူရွယ်လေးများသည်ကား မနက်စာနှင့်နေ့လယ်စာကိုပေါင်းစားရန်အလို့ငှာ ဆိုင်အပြင်ဘက်တွင်တန်းစီစောင့်ဆိုင်းနေလေ့ရှိကြသည်။ ဆိုင်ရှင်သူဌေးဖြစ်သူသည်ကား ဆိုင်ပေါက်ဝတွင်ရပ်ကာ လက်မှတ်တန်းစီရာ၌အသုံးပြုသည့်စက်ပစ္စည်းတစ်လုံးပမာ ဧည့်သည်တော်များကို ပျော်ရွှင်မြူးတူးစွာဧည့်ခံကြိုဆိုနေရင်း သူ့ဆိုင်၏အဖိုးတန်ရတနာလေးကို ခိုးကြည့်လိုက်လေသည်__လွန်ခဲ့သောနှစ်ရက်ခန့်က ဆံနွယ်ရှည်များနှင့်အမျိုးသားတစ်ယောက် သူ့ဆိုင်သို့ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ဆိုင်ပြတင်းပေါက်မှန်မှတဆင့် ဖက်တီးပုတ်ငှက်လေးတစ်ကောင်က လိပ်ပြာလေးတစ်ကောင်နောက်သို့လိုက်နေသော ဆိုင်တွင်းရှိအလှဆင်ပစ္စည်းတစ်ခုကိုအချိန်အတန်ကြာငေးမောကြည့်ရှုနေခဲ့လေသည်။ ဆိုင်ရှင်ဖြစ်သူသည်ကား ခေါင်းမော့အကြည့်တွင် ထိုသူနှင့်အမှတ်မထင်အကြည့်ချင်းဆုံသွားရှာပြီး ထိုသူ၏မျက်ဝန်းများကြောင့် တဒင်္ဂမျှအသက်ရှူရပ်မတတ်ဖြစ်သွားရှာ၏။ ခေတ္တခဏကြာသောအခါတွင်မှ ဆိုင်ရှင်မှာသတိပြန်ကပ်သွားပြီး ဆိုင်ပြင်သို့အပြေးတပိုင်းထွက်လာကာ အဆိုပါဧည့်သည်တော်အား ဆိုင်ထဲသို့လာရောက်ထိုင်လိုက ထိုင်နိုင်ပါကြောင်းဖိတ်ကြားလိုက်သည်။

အဆိုပါအမျိုးသားသည်ကား သူ့တွင် ပိုက်ဆံတပြားတချပ်မှမပါကြောင်း၊ ဖုန်းလည်းမရှိကြောင်း၊ သို့သော် ယွီယန်တွင် ခေတ္တခဏတည်းခိုနေထိုင်လိုကြောင်းတို့ကို ချက်ချင်းဆိုသလို ပွင့်ပွင့်လင်းလင်းပင်ဝန်ခံပြောကြားလာသည်။ ဤဆိုင်တွင် ရက်အနည်းငယ်တည်းခိုလို့ရနိုင်၊ မရနိုင်ကိုမေးမြန်းလာပြီး ဆိုင်တွင်းရှိအလုပ်ကိစ္စများကိုလည်း သူကူညီလုပ်ကိုင်ပေးနိုင်ကြောင်း ပြောကြားလာသည်။

သောကမီးလျှံWhere stories live. Discover now