(၁၀)

1.4K 356 40
                                    

"ဘယ်သူ့ကိုဖမ်းရမယ်?"

ရှောင်းကျန်းမှာ လော်ချွေ့ချွေ့ထံမှ ဖုန်းလက်ခံရရှိပြီး​နောက် ငါးစက္ကန့်လောက် တိတ်ဆိတ်ငြိမ်သက်သွားသော်ငြား သည်းမခံနိုင်တော့သည့်အဆုံးတွင်​တော့ ဒေါသအိုးပေါက်ကွဲသွားလေတော့သည်။

၎င်းမှာ 'ဘာနည်းနဲ့ပဲဖြစ်ဖြစ် သံသယတရားခံကိုအပြတ်ရှင်းပစ်လိုက်' ဟူသောအမိန့်ကိုပေးလိုက်စဥ်အခါက ပိချွင်းရှန်း ဟူသောနာမည်သည်ကား သူ့အတွက် မချိတင်ကဲဝေဒနာတို့၏မြစ်ဖျားခံရာအမည်နာမတစ်ခုဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ရွှမ်းကျီးက ပိချွင်းရှန်းကိုသံသယဝင်နေသည် ဟူသည့်ယုံကြည်လက်ခံနိုင်ဖွယ်ရာမရှိသောသတင်းစကားကို လော်ချွေ့ချွေ့ကဖုန်းဆက်ပြောလာချိန်မှာတော့ ဒါရိုက်တာရှောင်း၏စိတ်ကိုဆွပေးလိုက်သကဲ့သို့ဖြစ်သွားကာ သူ၏ကြိုးစားပမ်းစားဖိနှိပ်ထိန်းချုပ်ထားခဲ့ရသော စိတ်ဖိအားများက တစ်ခါတည်းနှင့် အလုံးအရင်းပေါက်ကွဲပွင့်ထွက်သွားလေ​တော့သည်။

"နောက်တစ်ခေါက်ထပ်ပြောစမ်း__ငါ အဲဒီယာယီဝန်ထမ်း ရွှမ်းမျိုးရိုးကောင်ကို အရင်ဆုံးလာဖမ်းမယ်! မဟုတ်သေးဘူး....လောင်လော်....သူက လူသစ်မို့လို့ မသိဘူးပဲထားပါတော့။ မင်းကပါ ဘာလို့အဲ့လိုအခြေအမြစ်မရှိတဲ့စကားတွေကို လက်လွတ်စပယ်ပြောရတာလဲ? ပိချွင်းရှန်းက ဘယ်လိုနောက်ကြောင်းရာဇဝင်ရှိတဲ့လူမို့လို့လဲ? သူများက သူ့ဘဝတစ်ဝက်နီးပါးကို ရှေ့တန်းမှာသက်စွန့်ဆံဖျားတာဝန်ထမ်း​ဆောင်ခဲ့ပြီး တတိယအဆင့်ဂုဏ်ပြုဆုတံဆိပ်ကိုတောင် ဂုဏ်သိက္ခာရှိရှိရထားတဲ့သူကွ။ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရင်း ဒဏ်ရာရသွားတော့မှ နောက်တန်းကိုပြန်ရောက်လာတာ။ သူကွင်းဆင်းအဖွဲ့မှာအလုပ်လုပ်နေတုန်းက ဟိုယာယီဝန်ထမ်းကောင်က မွေးတောင်မွေးဦးမှာမဟုတ်သေးဘူး"

"ကျွန်တော်က ဒီအတိုင်းသတင်းပေးရုံပဲပေးတာလေ။ ကျွန်တော့်ကို မအော်ပါနဲ့လား"

လော်ချွေ့ချွေ့မှာ အလွန်အမင်းဝမ်းနည်းပက်လက်ဖြစ်သွားလေရာ သူ၏သစ်ရွက်များတောင် ခြောက်သွေ့ညှိုးလျော်ကုန်ရှာသည်။ ၎င်းမှာ ဘယ်သူလာပေးထားမှန်းမသိလိုက်သော စောင်တစ်ထည်ကိုခြုံလွှမ်းထားရင်း ကွင်းဆင်းအဖွဲ့၏ကားထဲတွင် ခပ်ကုတ်ကုတ်ကလေးထိုင်နေလျက် နှာတရှုံ့ရှုံ့လုပ်နေရင်းက ညောင်နာနာအသံဖြင့်ဆက်ပြောလာပြန်သည်။

သောကမီးလျှံWhere stories live. Discover now