(၁၈)

1.2K 350 53
                                    

အဆိုပါကံမကောင်းရှာသည့် လေးလံသောဓားကြီးမှာ အလေးချိန်ပေါင်များစွာလေးလံသောပစ္စည်းဖြစ်သည်။ ထိုပစ္စည်းမှာ ရွှမ်းကျီး၏လက်ထဲတွင်တွယ်ကပ်နေပြီး သူ့လက်ကောက်ဝတ်ကိုတစ်ဖက်သို့အတင်းအဓမ္မလိမ်ချိုးလိုက်လေရာ လက်မှာအချိုးမကျသောအနေအထားသို့ပြောင်းလဲသွားသောကြောင့် သူ့ခမျာမည်သို့မှအားစိုက်ထုတ်လို့မရဘဲဖြစ်သွားရှာတော့သည်။ အနက်ရောင်မီးတောက်များက သူ့ထံသို့တရှိန်ထိုးပြေးဟပ်လာနေကာ ဓားမှာလည်း ဖြူဖြူဖွေးဖွေးအရိုးလက်သည်းစွယ်များကြားတွင် ညပ်နေဆဲဖြစ်သည်။

အခြေအနေမဟန်တော့မှန်းသဘောပေါက်သွားသောအခါမှာတော့ ရွှမ်းကျီးမှာ နောက်ထပ်အပိုစကားတွေပြောမနေတော့ပေ။ ချက်ချင်းပင် သူ့အချိုးကိုပြောင်းလိုက်ပြီး အမှားကိုဝန်ခံလိုက်လေသည်။

“လူကြီးမင်းရယ်…ကျွန်တော် ခုနတုန်းက သရဲဝင်ပူးခံရလို့ပါ။ ကျွန်တော်က အသုံးမကျတဲ့ကောင်….မိမစစ်ဖမစစ်ကောင်ပါ၊ ဒီလိုလုပ် ကျွန်တော်တို့နှစ်ယောက်ပူးပေါင်းပြီး ဘုံရန်သူကို အရင်တိုက်ခိုက်ကြရင်မကောင်းဘူးလား?”

ရှန့်လင်ယွမ်းက ထုံးစံအတိုင်း ယဉ်ကျေးချိုသာစွာပြန်ဖြေလိုက်သည်။

“ကောင်းသားပဲ”

‘ကောင်းသားပဲ’ ဆိုသည့်စကားအဆုံးမှာတော့ တစ်ယောက်က ဓားကို ချိုးရန်ဆက်လက်ကြိုးစားနေပြီး ကျန်တစ်ယောက်ကတော့ အပြစ်မရှိသည့်လူကို တရားခံအဖြစ်ဆွဲထည့်ရန်ကြိုးစားလို့နေသည်။ သူတို့နှစ်ဦးသည်ကား တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိကြသူများဖြစ်သည်__တကယ့်ကို အချိန်နှောင်းကာမှ ဆုံတွေ့ခဲ့ရသော သန္ဓေယုတ်စုံတွဲတစ်တွဲပင်တည်း။

အနှီအရိုးလက်သည်းစွယ်များမှာ မည်သည့်နေရာမှထွက်ပေါ်လာကြမှန်းမသိသလို မည်သည့်အကြောင်းရင်းကြောင့်ထွက်ပေါ်လာကြမှန်းကိုလည်း ဘယ်သူမှမသိပါချေ။ သွေးညှီနံ့များက ကောင်းကင်ယံထက်သို့ အလုံးအရင်းပျံ့လွင့်ထိုးတက်လို့သွားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဝတ္ထုဇာတ်လမ်းများထဲတွင်ပါလေ့ပါထရှိသော ရင်ဆိုင်ရန်မလွယ်ကူသည့်ဇာတ်ကောင်တစ်ခုကဲ့သို့ပင်။ သို့သော် အဆိုပါလူနှစ်ဦးအနက် တစ်ယောက်မှာ မိုးကြိုးအစင်းပေါင်းများစွာအပစ်ခံခဲ့ရတာတောင်မှ မျက်တောင်တစ်ချက်မခတ်ခဲ့သူဖြစ်ပြီး ကျန်တစ်ယောက်ကတော့ မကောင်းဆိုးဝါးမိစ္ဆာဓာတ်များကို တားဆီးကာကွယ်နိုင်သော ယန်စွမ်းအင်များဖြင့်ပြည့်ဝနေသူဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်အစွမ်းအစများပိုင်ဆိုင်ထားကြလေရာ အစကတည်းက ဘယ်သူ့ကိုမှ ဂရုစိုက်ကြသူများမဟုတ်ပေ။ နှမြောစရာကောင်းသည့်အချက်ကား သူတို့၏တိုက်ရည်ခိုက်ရည်အစွမ်းအစများက မည်မျှပင်သန်မာအားကောင်းကြသည်ဖြစ်စေကာမူ နှစ်ယောက်ကြားက ပဋိပက္ခကိုတော့ပြေလည်အောင်မဖြေရှင်းနိုင်ကြပါချေ__ရှန့်လင်ယွမ်းထံမှ တမင်တကာ လွှတ်ထုတ်လာသည့် အေးစက်သောအနက်ရောင်မီးတောက်များက ဓားသွားတစ်လျှောက် အငမ်းမရစီးကူးလို့လာကာ ရွှမ်းကျီးတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားလေတော့သည်။ ထိုအခိုက် အဖြူရောင်အရိုးလက်သည်းစွယ်များထိုးထွက်လာနေသည့် တွင်းနက်ကြီးထံမှ အားကောင်းသော ဆွဲငင်အားတစ်မျိုးပေါ်ထွက်လာပြီးသကာလ ရွှမ်းကျီး၊ မုတ်ဆိတ်နှင့်လူအပါအဝင် ဓားထဲ၌ပိတ်မိနေသော ရှန့်လင်ယွမ်းတို့အားလုံးကို သူ့အတွင်းသို့စုပ်ယူသွားလေတော့သည်။

သောကမီးလျှံWhere stories live. Discover now