(၉)

1.3K 359 34
                                    

မိုးကြိုးသွားများက ယုံအန်းတောင်၏အနောက်ဘက်ခြမ်းသို့ တစ်စင်းပြီးတစ်စင်း တရစပ်ကျရောက်နေလျက်ရှိကာ ၎င်းတို့အနက် အချို့မှာ ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနရုံးချုပ်ပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်လာကြသော်ငြား ရုံး၌တပ်ဆင်ထားသော မိုးကြိုးလွှဲများနှင့်မိုးကြိုးကာအစီအရင်များကြောင့် ပျက်ပြယ်ပျောက်ကွယ်သွားရလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင်မူ ရိပ်ခနဲ လက်ခနဲဖြတ်ပြေးသွားသော
အဖြူရောင်အရိပ်များအနောက်မှ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာနေသော တဂျုန်းဂျုန်းတဂျိမ်းဂျိမ်းနှင့်မိုးခြိမ်းသံများကိုကြားနေရ၏။ ဝုန်းဝုန်းဒိုင်းဒိုင်းထစ်ချုန်းမြည်ဟီးနေသော မိုးသံများက ခန်းမကြီးထဲတွင် ပဲ့တင်ထပ်လွင့်ပျံနေလျက်ရှိကာ ကြမ်းခင်းကျောက်ပြားများကိုပင် မဆိုစလောက်လှုပ်ခါသွားစေတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကာလရှည်ကြာစွာဖိနှိပ်ထိန်းချုပ်ထားခဲ့ရသမျှကို ပေါက်ကွဲအော်ဟစ်လိုက်သည့်အလား နားကွဲမတတ်ကျယ်လောင်လွန်းလှသော ဝုန်းခနဲမိုးကြိုးပစ်သံတစ်ချက်က ထွက်ပေါ်လာ​တော့သည်။

ခန်းမကြီး၏ဝင်ပေါက်၌လဲလျောင်းလျက်ရှိနေသည့် ဧည့်ကြိုရွှေရောင်နဂါးကြီးသည်ပင် အထိတ်တလန့်ဖြစ်သွားရပြီး နံရံထောင့်တစ်ထောင့်ဆီသို့ကူးခတ်သွားကာ နံရံထက်တွင် ဧရာမအိမ်မြှောင်ကြီးတစ်ကောင်ကပ်နေသကဲ့သို့ တုတ်တုတ်မျှမလှုပ်ဘဲနေနေရှာတော့သည်။

"ဒါက ဘယ်လိုအခြေအနေကြီးလဲ?"
"ရုတ်တရက် မိုးကြိုးမုန်တိုင်းတိုက်လာတာလား?"

"​အနောက်ဘက်ကတောင်ရဲ့တောင်ခြေမှာ မိုးကြိုးလွှဲအစီအရင်တွေလုပ်ထားတယ်မဟုတ်ဘူးလား? ဒါက ဘယ်လိုဖြစ်ပြီး...."

"ခဏလေး.....ဒါ.....ဒါကဘာကြီးလဲ?"

မျက်စိကျိန်းလောက်စရာကောင်းသော လျှပ်စီးအလင်းတန်းများက နောက်တစ်ကြိမ်ကျရောက်လို့လာပြန်ပြီး အလင်းတန်းများဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိနေကြသော အဆောက်အအုံအတွင်းမှလူများသည်ကား အလင်းလွန်ကဲနေသည့်ကောက်ကြောင်းပုံရိပ်များ​ကဲ့သို့နှယ် ပြောင်းလဲသွားကြလေတော့သည်။ လူများမှာ စူးရှ​တောက်ပလွန်းသောအလင်းရောင်ကို နောက်ဆုံး၌ ကျင့်သားရသွားသောအခါမှပင် နံရံထက်တွင် တရွေ့ရွေ့လှုပ်ရှားနေသောအရာကို သတိထားမိကြပေသည်။

သောကမီးလျှံWhere stories live. Discover now