(၅၂)

1.1K 242 28
                                    

ရွှမ်းကျီးသည်ကား ဌာနချုပ်မှထွက်ခွာခါနီးဆဲဆဲမှာပင် အလုပ်တာဝန်ကျေပွန်သူတစ်ယောက်ပမာ ရှောင်းကျန်းကိုယ်စား အဆောက်အဦးကို နောက်ဆုံးအနေဖြင့် တစ်ချက်မျှဝေ့ဝဲကြည့်ရှုလိုက်သေးသည်__ပြောရလျှင်ထူးတော့ထူးဆန်းသည်။ ရွှမ်းကျီးမှာ လွန်ခဲ့သောရက်ပိုင်းအတွင်း ကောင်းကောင်းအိပ်မပျော်သလို ကောင်းကောင်းလည်းစားမဝင်ပါချေ။ သူ၏ပုံစံမှာ ရှေးခေတ်အခါက ဘိန်းစားတစ်ယောက်နှင့်တူနေသည်ဟု လောင်ရှောင်းကပင်ပြောခဲ့လေသည်။ သို့သော် သူ၏အာရုံခံစားမှုစွမ်းရည်များမှာမူ ယခင်ကထက်ပို၍ရှင်းလင်းပြတ်သားလာနေသည်။ သူ၏အသိစိတ်အာရုံဖြန့်ကျက်လွှမ်းခြုံနိုင်သောပမာဏမှာလည်း တိုးပွားကျယ်ပြန့်လို့လာကာ သုံးချွမ်းမှပြန်ရောက်လာစဉ်ကတည်းမှစတင်ပြီး ထိုအသိစိတ်စက်ဝန်းမှာ စိတ်ကူးဖြင့်ပင်မှန်းဆလို့မရနိုင်အောင် ကျယ်ပြန့်လာနေသည်။ သူ၏ရုံးခန်းထဲတွင်ထိုင်နေရင်းမှာပင် ၎င်းမှာ အဆောက်အဦးတစ်ခုလုံးကိုအာရုံခံစားနိုင်သည်အထိပင်။

သူ၏အသိစိတ်အာရုံများရောက်ရှိသွားသည့်နေရာတိုင်းတွင်ရှိနေကြသော အာရုံခံစားမှုအားကောင်းသည့် ထူးခြားစွမ်းရည်ပိုင်ရှင်များသည်ကား ဘာကြောင့်မှန်းမသိဘဲ မသိလိုက်မသိဘာသာဖြင့်ပင် သူတို့၏စကားသံများမှာတိုးလျော့သွားကြလေသည်။ ခန်းမဆောင်ကြီးထဲတွင်ရှိသော ရွှေရောင်နဂါးကြီးသည်ကား သူ၏ဦးခေါင်းကိုငုံ့ထားရင်း ကျောက်သားတိုင်လုံးပေါ်တွင် မလှုပ်မယှက်နေလျက်ရှိပြီး ပြန်လည်ပြုပြင်ရေးဌာနအတွင်း၌ တစ်ဌာနလုံးအပြည့် တိုးလိုးတွဲလောင်းကျနေသော အစိမ်းရောင်ရွှေလာငွေလာအပင်များ၏သစ်ရွက်များမှာလည်း လိပ်ခွေသွားရှာသည်။

တစ်ကြိမ်တစ်ခေါက်မျှစုံစမ်းစစ်ဆေးမှုများပြီးဆုံးသွားချိန်တွင်မူ ဌာနချုပ်အတွင်းရှိဖမ်းဆီးအရေးယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား လတ်စသတ်ခါနီးအချိန်သို့ရောက်ရှိလာပြီး လောင်ရှောင်းနှင့်အခြားတာဝန်ရှိသူများမှာလည်း အခြေအနေကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများနှင့်စစ်ကြောမေးမြန်းရေးလုပ်ငန်းများကို စနစ်တကျစတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ရွှမ်းကျီးသည်ကား မိမိတွင်ဘာမှလုပ်စရာမရှိတော့သလိုခံစားလိုက်ရသည်။ သို့ဖြစ်ရာ ၎င်းမှာ အချိန်မတိုင်ခင် အလုပ်မှကြိုထွက်ကာ လေဆိပ်သို့တန်းတန်းမတ်မတ်ဦးတည်သွားလေတော့သည်။ တစ်ဖက်တွင်မူ ၎င်းမှာ လူမှုအသိုင်းအဝိုင်းအား အနှောင့်အယှက်ပေးနေခဲ့သောဖြစ်ရပ်များနောက်ကွယ်ရှိ ဦးတည်ချက်ကိုရှာဖွေဖော်ထုတ်လို၍ဖြစ်သလို တစ်ဖက်တွင်လည်း မိမိသည်ကား ရှန့်လင်ယွမ်းနှင့်နှုတ်ဆက်ခွဲခွာပြီးချိန်ကတည်းမှစတင်၍ သူ၏သက်စောင့်ဓားနှင့် 'ကွေကွင်းခွဲခွာရသော စိုးရိမ်သောက' များကိုခံစားနေရကြောင်းသတိပြုမိသွားသောကြောင့်ပင်ဖြစ်သည်။ မနက်ပိုင်းများတွင် အခြားသောအလုပ်ကိစ္စများဖြင့် သူ့ကိုယ်သူအာရုံလွှဲထားနိုင်သော်ငြား ညအချိန်အိပ်မက်ထဲတွင်မူ ထိုစိုးရိမ်သောကများသည်ကား ဆယ်ဆခန့်ပြင်းထန်လို့လာသည်။ အနှီအိပ်မက်များထဲတွင် မိမိမှာ တစ်ခါတရံကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်နေလိုက်၊ တစ်ခါတရံတွင် ဓားတစ်ချောင်းဖြစ်နေလိုက်ဖြစ်နေသော်ငြား အသံဖမ်းစက်တစ်လုံးပမာ ပိရှ၏အမည်ကို အချိန်တိုင်းရေရွတ်နေခဲ့လေသည်__သို့မဟုတ် 'လင်ယွမ်း' ဟူသည့်ငယ်နာမည်ကိုရွတ်ဆိုနေခဲ့တာဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now