(၅-၂)

1.5K 406 47
                                    

Unicode

ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနရှိ ရှေးဟောင်းမှတ်တမ်းထိန်းသိမ်းရေးဌာန၏ ညဆိုင်းတာဝန်ခံဖြစ်သူသည်ကား ဌာနမှူးဖြစ်သော ဒေါက်တာဝမ်ကိုယ်တိုင်ပင်ဖြစ်သည်။

ဒေါက်တာဝမ်က ခပ်သေးသေးမျက်မှန်အဝိုင်းတစ်လက်ကိုတပ်ဆင်ထား၏။ ၎င်းမှာ ခါးကိုကိုင်းလျက် ခန္ဓာကိုယ်က ပင်မစေလွှတ်ရေးရုံးခန်းဆီသို့ ခြေသံတရှပ်ရှပ်ဖြင့် ခပ်သွက်သွက်လျှောက်လှမ်းလာနေဆဲဖြစ်သည့်တိုင် ထိုးထိုးထောင်ထောင်ဆန့်ထွက်နေသော သူ့လည်ပင်းကိုမူ ရှောင်းကျန်း၏စားပွဲမှနေ၍ နှစ်မိုင်ခန့်အကွာလောက်ကတည်းကပင် လှမ်းမြင်နေရပြီဖြစ်သည်။ ၎င်းမှာ 'မင်' မင်းဆက်နှောင်းပိုင်းတွင်မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး သူ၏ထူးခြားစွမ်းရည်မှာ ကြီးကြီးကျယ်ကျယ်တော့မဟုတ်၊ မသေမျိုးတစ်ယောက်ဖြစ်နေခြင်းပင်ဖြစ်သည်။ အကြိမ်ပေါင်းသုံးဆယ်လောက် ပင်စင်ယူပြီးသည့်နောက်တွင်တော့ လျှို့ဝှက်ဆန်းကြယ်ရှေးဟောင်းစာပေများနှင့် ဂမ္ဘီရပညာရပ်များဆိုင်ရာ အထူးပြုသုတေသနပညာရှင်တစ်ဦးအဖြစ် ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနတွင်ပြန်လည်အလုပ်ခန့်အပ်ခြင်းကိုခံခဲ့ရပြန်သည်။ အဆိုပါအဘိုးကြီးသည်ကား အလွန်တရာမှတ်ဉာဏ်ကောင်းလှပြီး သက်ရှိစွယ်စုံကျမ်းစာအုပ်ကြီးတစ်အုပ်အလား ရှေးဟောင်းစာပေများနှင့်ခေတ်ပေါ်စာပေများကို ကောင်းကောင်းဖတ်တတ်သူလည်းဖြစ်၏။ တစ်ခုပဲပြောစရာရှိသည်မှာ အသက်အရွယ်ထောက်လာပြီဖြစ်သဖြင့် မည်သည့်အရာကိုမဆို နှေးနှေးကွေးကွေးသာ လုပ်တတ်ကိုင်တတ်လေရာ သူနှင့်အဆက်အဆံလုပ်ရန်အတွက်အတော်လေးကိုစိတ်ရှည်သည်းခံနိုင်မှပဲရပေလိမ့်မည်။

"'ပူဆွေးယဇ်ပူဇော်ပွဲ'....အာ....ဘုရားရေ....
'ယဇ်ပူဇော်ပွဲ' ဆိုတာ တားမြစ်ထားတဲ့ပညာရပ်တစ်ခုပဲ။ တစ်ခုခုမှားသွားရင် လူတွေသေကုန်ကြလိမ့်မယ်"

ဒေါက်တာဝမ်မှာ အလွန်တရာ 'နူးညံ့ချိုသာ''ပျော့ပျောင်း' လှသော *လောင်တန့် လေသံမျိုးဖြင့်ပြောဆိုနေခြင်းဖြစ်လေရာ နားထောင်နေသူ ရှောင်းကျန်းခမျာ ရှေ့သို့အမြန်ရစ်လို့ရသည့်ခလုတ်ကိုသာပြေးနှိပ်လိုက်ချင်မိတော့သည်။

သောကမီးလျှံWhere stories live. Discover now