(၅၄)

1K 230 30
                                    

တောင်ပင်လယ်၌မူ ရှန့်လင်ယွမ်းသည် ပုန်းခိုစရာနေရာတစ်နေရာကိုရှာဖွေလိုက်ပြီးနောက် စိမ်ပြေနပြေထိုင်ချလိုက်ကာ သူ၏ရုပ်သေးမန္တန်အစီအရင်ကို ငါးအချို့၏ခန္ဓာကိုယ်ပေါ်တွင်ကပ်ထားလိုက်လေသည်။

ရေမျက်နှာပြင်အောက်တွင်ရှိနေကြသော ငါးများ၏မျက်လုံးများမှတဆင့် သူမျှော်မှန်းထားသည့်အတိုင်းပင် ရေချိုငါးသည်ကား ထူးခြားဆန်းကြယ်သောမှော်အစီအရင်ပစ္စည်းတစ်ခုအား ထုတ်ယူလိုက်တာကို သူတွေ့မြင်လိုက်ရသည်။

အဆိုပါ ‘ရေအောက်ပုလဲ’ ဟုခေါ်တွင်သောအရာမှာ နို့နှစ်ရောင်ရှိသောပစ္စည်းတစ်ခုဖြစ်သည်။ လိပ်လိုက်လျှင် ဘောလုံးတစ်လုံးကဲ့သို့လိပ်ခွေသွားနိုင်ပြီး အပေါ်ယံမျက်နှာပြင်ထက်ဝယ် ပုလဲရောင်စဉ်များတဖျတ်ဖျတ်ပြောင်လက်တောက်ပလို့နေသည်။ ထိုအရာမှာ ပိုးသားတမျှနူးညံ့ချောမွေ့လှသော်ငြား အလွန်တရာမာကြောသောပစ္စည်းနှင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းအား ဖြန့်ကျက်လိုက်မည်ဆိုပါက အနားတစ်ဖက်လျှင် ၃ မီတာအကျယ်ရှိသော အခင်းပြားတစ်ချပ်သဖွယ်ဖြစ်သွားနိုင်ပြီး ပုစဉ်းရင်ကွဲကောင်၏အတောင်ပံတမျှပါးလျလွန်းလှ၏။

ကြည့်လိုက်မည်ဆိုပါက တကယ့်ကိုပင် ငါးပါးဟက်တစ်ခုနှင့်သဏ္ဌာန်တူလှပေသည်။

ရှန့်လင်ယွမ်းတစ်ယောက် ထိုပစ္စည်းကိုအလွန်အမင်းစိတ်ဝင်တစားကြည့်ရှုနေမိသည်။ အနှီပစ္စည်းအကြောင်းကို သူတစ်ကြိမ်တစ်ခါမှမကြားဖူးခဲ့ပါချေ။ နောက်ပိုင်းမျိုးဆက်သစ်များတီထွင်ဖန်တီးထားသောအရာဖြစ်ကောင်းဖြစ်နိုင်သည်။ လက်ရာမှာအတော်လေးကိုကောင်းမွန်လှပေရာ သေချာပေါက်ကို ထိုပစ္စည်း၏ ရှေးဟောင်းဇာစ်မြစ်ရာဇဝင်နှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသောဇာတ်လမ်းတစ်ပုဒ်ကိုဖန်တီးထားခြင်းဖြစ်ရမည်။ သူတို့ ဘာတွေကြံစည်နေကြသလဲဆိုတာလည်းမသိနိုင်ပေ။

ရေချိုငါးက အဆိုပါ ‘ပါးဟက်’ ကို လူတိုင်း၏ဦးခေါင်းပေါ်သို့လွှမ်းခြုံလိုက်တာကို သူမြင်တွေ့လိုက်ရသည်။ လူများနှင့်စက်လှေမှာ ပါးလွှာသောဝါဂွမ်းတစ်လွှာဖြင့်အုပ်လွှမ်းခံလိုက်ရသည့်နှယ်။ ထို့နောက်တွင်မူ အဆိုပါပစ္စည်းမှာသူတို့၏ကိုယ်ပေါ်တွင် ‘အရည်ပျော်’ သွားလေသည်။

သောကမီးလျှံWhere stories live. Discover now