(၃၈)

1.2K 287 15
                                    

Unicode

အားလော့ကျင်းတစ်ယောက် ဟိုတယ်အနီးတဝိုက်တွင် ထွက်ပေါ်လာချိန်၌ ရှန့်လင်ယွမ်းသည်လည်း သူ့ကို ချက်ချင်းဆိုသလိုပင် အာရုံခံစားမိသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်၌ ၎င်းမှာ အူတီးအူကြောင်ဖြင့် မြေအောက်ကားပါကင်တစ်ခုအတွင်း ရှစ်ပတ်လောက် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေခဲ့တာဖြစ်သည်။ သူက တတ်နိုင်သလောက် လူသိရှင်ကြားမဖြစ်ချင်သော်ငြားလည်း အရေးပေါ်အခြေအနေဖြစ်လာသောအခါတွင်မူ ဘာကိုမှဂရုစိုက်မနေနိုင်တော့ပါချေ။ အကယ်၍ ပူဆွေးယဇ်ပူဇော်ပွဲ၏နောက်ကွယ်တွင်ရှိနေသောလူမှာ  မီးအစောင့်အရှောက်၏အခြေအနေအစစ်အမှန်ကိုသိရှိသွားပါက အားလော့ကျင်း ထိုအရူးလေးသည်ကား မိစ္ဆာကောင်လေးအား သူ့လက်ဖြင့်တစစီဆွဲဖြဲပစ်လိုက်မည်ဖြစ်သည်။

ရှန့်လင်ယွမ်းက သူ၏ဦးခေါင်းကိုမော့လိုက်ပြီး အင်္ကျီဝတ်ရုံလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ကားပါကင်မျက်နှာကျက်ပေါ်ရှိ ကြီးမားသောကွန်ကရစ်တုံးတစ်တုံးက ချက်ချင်းဆိုသလိုပင် အောက်သို့ပြိုကျလာပြီး အချက်ပေးသံပေါင်းစုံတို့မှာလည်း တညီတညာတည်းစတင်ထွက်ပေါ်လို့လာသည်။ သူက ထိုအပေါက်ကြီးထဲမှ တွယ်တက်တိုးထွက်လာလိုက်သောအခါ မြေညီထပ်တွင်ရှိသော ဈေးဝယ်စင်တာ၏ပင်မခန်းမဆောင်အတွင်းသို့ရောက်ရှိသွားလေတော့သည်။ ထို့နောက်တွင်မူ ပြတင်းပေါက်မှန်များကို ထုရိုက်ခွဲခြေလိုက်ပြီး ပျက်စီးသွားသောပြတင်းပေါက်အပြင်ဘက်သို့ ခုန်ထွက်သွားလေတော့သည်။

ထိုကိစ္စက ဤတွင်မပြီးဆုံးသေးကြောင်း မည်သူကထင်ပါအံ့နည်း? ၎င်းမှာ ခက်ခက်ခဲခဲဖြင့် လမ်းကြောင်းရှာတွေ့ပြီးနောက်တွင်မူ ပြင်းထန်စူးရှသောမီးအလင်းရောင်အမြောက်အမြားမှာ သူ့ထံသို့အလုံးအရင်းဖြင့်ထွန်းလင်းဖြာကျလာလေတော့သည်။ ရဲတပ်သားများ၏နှစ်ကြိမ်ခန့်အော်ဟစ်သံကို သူကြားလိုက်ရသည်။

“မလှုပ်နဲ့! လက်ကိုအပေါ်မြှောက်ထား!”

ပိရှမှာ မြေအောက်ကားပါကင်အောက်ထဲတွင်ပိတ်မိနေချိန်၌ ရွှမ်းကျီးတို့အုပ်စုသည်ကား ‘တည်းခိုဆောင်အားဖြိုချခြင်းအမှုကိစ္စ’ ကိုပြုုလုပ်ခဲ့ပြီးဖြစ်ကာ အားလော့ကျင်းဟူသည့် ‘စွန်ကြီးတစ်စင်း’ အား တောင်ဘက်အရပ်ဆီသို့မျှားခေါ်သွားခဲ့ပြီး အနောက်တွင်တော့ ပြဿနာအရှုပ်ထုပ်ကြီးများကိုချန်ရစ်ထားခဲ့ကြလေသည်__ပြန်လည်ပြုပြင်ရေးဌာနမှ ဝန်ထမ်းသုံးဦးခမျာ မျက်ရည်ကျလုမတတ်ဖြစ်နေရှာတော့သည်။ ပြန်လည်ပြုပြင်ရေးဌာန၏ယာယီခေါင်းဆောင်ဖြစ်သူသည်ကား ကွင်းဆင်းလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲရန်အလို့ငှာ အပြင်ဘက်သို့ ယာယီဆင့်ခေါ်ခြင်းခံလိုက်ရလေပြီ။

သောကမီးလျှံWhere stories live. Discover now