(၇)

1.6K 376 15
                                    

Unicode

နားထောင်ကြည့်လိုက်သောအခါ ရွှမ်းကျီးမှာ ထိုအကြောင်းအရာများနှင့်ရင်းနှီးနေသလိုခံစားလိုက်ရသည်။ ရုတ်တရက် ထိုပို့စ်မှာ သူလေယာဥ်ပေါ်မှာတုန်းက ဖျတ်ခနဲဖတ်ကြည့်မိလိုက်သော ပို့စ်တစ်ခုဖြစ်နေမှန်း သတိရသွား၏။ အဆိုပါပို့စ်နှင့်ဆက်စပ်သော နောက်ထပ်တင်လာမည့်သတင်းအချက်အလက်သစ်များကို ရှာဖွေကြည့်လိုက်သော်လည်း ရှာမတွေ့တော့ပါချေ။

ဖျင်ချန့်ရူမှာ အလွန်တရာနူးညံ့သိမ်မွေ့သော အသံမျိုးကိုပိုင်ဆိုင်ထားသူဖြစ်သည်။ သူမက သူ မကြားမှာစိုးသည့်အတွက် ဆိုးဆိုးရွားရွားတိုက်ခတ်နေသည့် အေးစက်မှုန်မှိုင်းလှသောလေထုကိုတောင့်ခံကာ ရှေ့သို့တက်လာ၏။ ဆိတ်တစ်ကောင်လို တဆတ်ဆတ်တုန်ယင်နေရင်းကပင် သူမက ပို့စ်ကိုနောက်တစ်ကြိမ်ဖတ်ပြလိုက်သည်။

"နောက်တော့ မူလပို့စ်တင်သူက နောက်တစ်ခေါက်ထပ်တင်လာပြန်တယ်။ ဒါပေမယ့် တင်ပြီးလို့သိပ်မကြာခင်မှာပဲ ချက်ချင်းဖျက်ချခံလိုက်ရပြန်တယ်။ သူ ပြောထားတာကို အနှစ်ချုပ်ရရင် သူက အသုံးမကျတဲ့အမေတစ်ယောက်တဲ့။ သူ့ကလေးက သူ့ကို ဘာဆိုဘာမှမပြောပြတတ်ဘူးတဲ့။ ဒါကြောင့် သူ့ကလေးကျောင်းသွားနေတဲ့အချိန် သူ့ပစ္စည်းတွေကိုတိတ်တိတ်လေးခိုးပြီးစစ်ဆေးကြည့်ရတယ်။ အဲဒီလိုအချိန်မှာပဲ သူ့သားရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ထူးဆန်းတဲ့သင်္ကေတအမှတ်အသားပုံတွေဆွဲထားတာကိုတွေ့လိုက်ရတယ်။ အစကတော့ ဘောပင်နဲ့လျှောက်ခြစ်ထားတာတွေလို့ပဲထင်ပြီး သူက သိပ်သတိမထားမိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီသင်္ကေတတွေက တဖြည်းဖြည်းများသထက်များလာတယ်။ မနေ့ကဆိုရင် စာအုပ်တစ်အုပ်လုံးအပြည့် သွေးတွေနဲ့ဆွဲထားတာကိုတွေ့လိုက်ရတယ်တဲ့။ သူ့သားရဲ့အပြုအမူတွေကလည်း တစ်နေ့တခြား ပိုပြီးထူးဆန်းလာတယ်။ သူက အဲဒီရုပ်ပုံတွေကို ဓာတ်ပုံတောင်ရိုက်ထားသေးတယ်။ ကျွန်မ...ဆစ် !"

ဖျင်ချန့်ရူမှာ သူမ၏နှာခေါင်းအောက်နားမှ ရုတ်တရက် နွေးခနဲဖြစ်သွားသလို ခံစားလိုက်ရပြီးနောက် ခပ်စို့စို့သွေးနံ့တချို့ကိုအနံ့ရလိုက်၏။ သူမက လက်ဖြင့်စမ်းကြည့်လိုက်သောအခါမှာ​တော့ နှာခေါင်းသွေးလျှံရာမှထွက်လာသော သွေးစီးကြောင်းနှစ်ကြောင်းကိုတွေ့လိုက်ရတော့သည်။ အေးစက်သောရေခိုးရေငွေ့များက သူမ၏ပါးစပ်နှင့်နှာခေါင်းအတွင်းသို့ခြစ်ကုတ်တိုက်စားသွားနေသည်။ သူမမှာ အမှန်တကယ်ပင် မည်သို့မှရှေ့ဆက်မပြောနိုင်တော့ပေ။ သို့ဖြစ်ရာ ဒူးထောက်ချလိုက်ပြီး သူမ၏လပ်တော့ပ်ကို အရှေ့သို့အားဖြင့်တွန်းထုတ်လိုက်၏။ လပ်တော့ပ်က ချောမွေ့နေသောကြမ်းပြင်တစ်လျှောက် လျှောခနဲပြေးသွားပြီး ရွှမ်းကျီး၏အနောက်ဘက်သို့ရောက်ရှိသွားသည်။

သောကမီးလျှံWhere stories live. Discover now