(၅၉)

1.1K 194 22
                                    

'ဓားဝိညာဉ်' ဟူသည့်စကားလုံးသုံးလုံးသည် ယန်းချိုးရှန်း၏သေရာပါအားနည်းချက်ပင်ဖြစ်သည်။ ၎င်းမှာ သိသိသာသာကိုပင် လမ်းပြမီးအိမ်၏ဖျားယောင်းညှို့ယူမှုနောက်သို့လိုက်သွားခါနီးဆဲဆဲ အားကုန်နေသောမြားတစ်စင်းဖြစ်နေသည့်တိုင်အောင် ထိုအခိုက်အတန့်တွင် မထင်မှတ်ဘဲ တစ်ချက်မျှလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ ရွှမ်းကျီးအားစိုက်ကြည့်နေသော သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ရာမီးလျှံရောင်ဝါများရောင်ပြန်လင်းလက်လာတော့သည်။

ကျန်းကျောင်းက အလန့်တကြားမေးမြန်းလိုက်သည်။

"ဘာ... ခုနတုန်းကပြောတော့ အဲဒီကလေးတွေက ကောင်းရှန်းဘုရင်ခေါ်ယူမွေးစားထားတဲ့ မိဘမဲ့ကလေးတွေဆို"

ရွှမ်းကျီးတစ်ယောက်မျက်လုံးပင့်ကြည့်လိုက်သည်။ သူ၏မျက်ခွံများမှာ ကျင်း ၁၀၀၀ အလေးချိန်ပမာဏမျှလေးလံနေသည့်နှယ်၊ သူ့အမြင်အာရုံကိုသိပ်သည်းနက်ရှိုင်းစွာဖိနှိပ်ထားနေသကဲ့သို့။ ဇာတိချက်ကြွေမွေးရပ်မြေကိုလွမ်းဆွတ်တမ်းတနေသူတစ်ယောက်မှာ ကိုယ့်အိမ်ကိုယ့်ရွာသို့ပြန်လည်ရောက်ရှိလာသော်ငြား တွန့်ဆုတ်ကြောက်ရွံ့နေသည့်နှယ် ထိုလူ၏မျက်နှာကိုမကြည့်ဝံ့ပါချေ။

လူသားများ အသက်အရွယ်အိုမင်းရင့်ရော်လာကြသည့်အကြောင်းအရင်းမှာ မှတ်ဉာဏ်များ၏ဖိအားကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာထက်ပို၍လေးလံသောဝန်ထုပ်ဝန်ပိုးများမရှိနိုင်တော့ပေ__ရွှမ်းကျီးသည် မိမိ၏ဘဝအနိမ့်အမြင့်အတက်အကျဖြစ်ရပ်များကို အနည်းအကျဉ်းသာမှတ်မိတော့တာဖြစ်ပြီး အကြောင်းအရာများကို ဘာဆိုဘာမှန်းမခွဲခြားမတွေးတောနိုင်သေးပါချေ။ မှတ်ဉာဏ်များက လျင်မြန်စွာပင် သူ့ကို ပျော်ရွှင်မြူးတူးနေသောလူငယ်လေးတစ်ယောက်အဖြစ်မှသည် ခြောက်သွေ့သောအလောင်းကောင်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားအောင် ဖိနှိပ်ရိုက်ချလိုက်သည့်နှယ်။

မိမိ၏အရိုးအက်ကြောင်းများအတွင်းမှ စိမ့်ထွက်ပျံ့နှံ့လာသော ရင်းနှီးကျွမ်းဝင်နေသည့်ရနံ့တစ်မျိုးကိုတောင် သူရှူရှိက်ခံစားလိုက်ရသလိုပင်။

သောကမီးလျှံWhere stories live. Discover now