(၅၇)

1.2K 223 41
                                    

မီတာအနည်းငယ်သာကွာဝေးလျက်ရှိသော်ငြား ဝမ်ဇယ်သည် ရုတ်ချည်းဆိုသလိုပင် ယန်းချိုးရှန်းရှိရာဆီသို့ရေကူး၍မသွားရဲရှာပါချေ။ သို့ဖြစ်ရာ ကူယွဲ့ရှီးက သူ့အားဘေးသို့တွန်းဖယ်လိုက်ပြီး အထိတ်တလန့်ဖြင့်အလျင်စလိုပြေးသွားလေတော့သည်။ ဝမ်ဇယ်မှာမူ အရုဏ်ဦးလင်းရောင်ခြည်အောက်ရှိ အေးစက်သောပင်လယ်ရေထဲတွင် တုတ်တုတ်မျှမလှုပ်။ သူ ရုတ်တရက် ကြောက်လန့်သွား၏။ ယန်းချိုးရှန်းသေသွားမည်ကိုကြောက်လန့်သလို မသေသေးမှာကိုလည်း မဆိုစလောက်ကြောက်လန့်နေပြန်သည်။

သူ၏ဦးနှောက်အတွင်း၌ ယန်းချိုးရှန်းတစ်ယောက် သူ့ကိုနောက်ဆုံးအကြိမ်ပြုံးပြခဲ့သောအပြုံးပုံရိပ်များ တရစပ်ဖြတ်သန်းပြေးလွှားလာသည်။ သူ တွေးလိုက်သည်။ အကယ်၍ သူတို့နှစ်ယောက်သာနေရာချင်းလဲပြီးစဉ်းစားကြည့်မည်ဆိုပါက မိမိသည် ယန်းချိုုးရှန်း၏နေရာသို့ရောက်နေပါမူ ကိုယ့်အလုပ်ကိုကြားဝင်နှောင့်ယှက်လာသောလူအား ပိုးစိုးပက်စက်ဆဲရေးတိုင်းထွာလိုက်မည်ဖြစ်သည်။

ထိုအခိုက်မှာပင် ကူယွဲ့ရှီးက တုန်ရီနေသောလက်ချောင်းများဖြင့် သူမ၏လေပူဖောင်းကိုဆုတ်ဖြဲလိုက်ပြီးနောက် သူ့မျက်လုံးအောက်တွင်စီးကျနေသော သွေးစသွေးနများကို လက်ဖြင့်အကြမ်းပတမ်းသုတ်ပစ်လိုက်သည်။ သူမ၏ရဲရဲနီစွေးနေသောယုန်မျက်လုံးတစ်စုံဖြင့် ယန်းချိုးရှန်းကိုစိုက်ကြည့်လိုက်၏။ ထို့နောက် တခဏအကြာဝယ် သူ့အားရစ်ပတ်ထားသောလေပူဖောင်းအား မော်တော်ဘုတ်ဆီသို့ဆွဲယူလိုက်လေသည်။

သူမ၏စကားသံကို ဝမ်ဇယ်ကြားလိုက်ရသည်။

"သုံးနေရာမှာ အရိုးကျိုးသွားတယ်၊ ကိုယ်တွင်းကလီစာတွေထဲမှာ သွေးယိုစိမ့်နေတယ်။ သူ့ကို အခုချက်ချင်းဆေးရုံခေါ်သွားရမယ်! ခေါင်းဆောင်ဝမ် ရှင် ဘာကိုစောင့်နေတာလဲ!"

"အသက်ရှင်နေသေးတယ်....."

ဝမ်ဇယ်မှာ တဒင်္ဂမျှကြာသည်အထိ ကြက်သေသေနေဆဲဖြစ်သည်။ ထို့နောက် ယခုလေးတင် အိပ်မက်မှနိုးထလာသူတစ်ယောက်သဖွယ် ရေအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်တစ်ယောက်၏ဂုဏ်သိက္ခာများကိုခဝါချလိုက်ပြီးသော် တဗွမ်းဗွမ်းမြည်သံများနှင့်အတူ ပင်လယ်ရေပြင်ကိုဖြတ်သန်းကာ ယန်းချိုးရှန်းရှိရာသို့ ခွေးကူးနည်းအတိုင်းကူးခတ်သွားလိုက်လေတော့သည်။ ထို့နောက် အလွှာနှစ်လွှာရှိသောလေပူဖောင်းကိုလှမ်းဆွဲလိုက်ပြီး ယန်းချိုးရှန်းအား လှေပေါ်သို့ဆွဲတင်လိုက်ကာ အော်ဟစ်လိုက်သည်။

သောကမီးလျှံWhere stories live. Discover now