(၆၀)

806 147 18
                                    

ထိုလူ၏ခါးအောက်ပိုင်းမှာ ပင်လယ်ရေအောက်တွင်နစ်မြုပ်နေလျက်ရှိပြီး သူ၏ရုပ်သွင်အင်္ဂါငါးပါးမှာ ပြေပြစ်ကြော့ရှင်းလှပေသည်။ တစ်ချက်တည်းကြည့်လိုက်လျှင် သာမညောင်ညရုပ်ရည်သွင်ပြင်မျိုးသာရှိသော်ငြား အလွန်အမင်းစေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပါမူ နေ့လယ်ပိုင်း လသာဆောင်ပေါ်တွင် ငွားငွားစွင့်စွင့်ပွင့်လန်းနေသော ပန်းလိပ်ပြာများပမာ။

သူ့ပုံစံမှာ 'နူးညံ့နွေးထွေးသောကျောက်စိမ်းရတနာ' ဟူသည့်စကားလုံးလေးလုံးဖြင့် ထွင်းဆစ်ထားသည့်နှယ်။ ဆံနွယ်ရှည်များမှာ လည်တိုင်ကြော့ကြောလေးကိုကျော်လွန်ကာ ပုခုံးစွန်းနားထိတိုင်အောင်ရှည်လျားနေပြီဖြစ်သည်။

ကျီးချွင်းမတော်တဆမှုမဖြစ်ပွားသေးခင် ရှေ့တစ်ရက်၌ ယန်းချိုးရှန်းသည်ကား သူ့ဆံပင်များကိုညှပ်ပေးသင့်ပြီဖြစ်ကြောင်း တဗျစ်တောက်တောက်ပြောဆိုနေခဲ့သည်ကို ကူယွဲ့ရှီးမှတ်မိနေပါသေးသည်__သို့သော် အချိန်မမီခဲ့ရှာပါချေ။

အဆိုပါ 'နူးညံ့နွေးထွေးသောကျောက်စိမ်းရတနာ' သည်ကား ယခုအချိန်၌ ရှေးဟောင်းအလောင်းကောင်များကြားထဲတွင်ရှိနေပြီး သူ့တစ်ကိုယ်လုံးတွင်လည်း ပူဆွေးယဇ်ပူဇော်ပွဲစာသားများဖြင့်လွှမ်းခြုံရစ်ပတ်ခံထားရသည်။ လက်ခနဲဖြစ်သွားသောမိုးကြိုးလျှပ်စီးတစ်ချက်က စိမ်းပြာရောင်တစ်လှည့်၊ အဖြူရောင်တစ်လှည့်သန်းနေသော သူ၏မျက်နှာသွင်ပြင်ကိုမီးမောင်းထိုးပြလာ၏။ ၎င်းမှာ မြေကြီးအောက်ထဲမှတူးထုတ်လာခဲ့သော သမိုင်းဝင်အမွေအနှစ်ပစ္စည်းတစ်ခုပမာ။

ဤသို့ဖြစ်နေစေကာမူ ၎င်းမှာ ကြည့်လိုက်လျှင် ယခင်အတိုင်း အတိုင်းထက်အလွန်သန့်ရှင်းစင်ကြယ်နေဆဲဖြစ်သည်။

ကူယွဲ့ရှီးခမျာကြက်သေသေသွားရှာပြီး ထိုလူမှာ သူနှင့်အလွန်တရာရင်းနှီးကျွမ်းဝင်နေသလိုခံစားလိုက်ရသည်။ ရင်းနှီးကျွမ်းဝင်လွန်းသည်မှ မနေ့တစ်နေ့ကပင် သူ့ကို လက်ဖက်ရည်ပူပူလေးတစ်ခွက်ကမ်းပေးလာကာ အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ရခြင်းအလုပ်မှာ ခက်ခဲသလားဟူသည့်မေးခွန်းကို နူးညံ့နွေးထွေးသောလေသံဖြင့်မေးမြန်းလာသူတစ်ဦးကဲ့သို့ပင်။

သောကမီးလျှံWhere stories live. Discover now