(၂၉)

1K 297 37
                                    

ထောင်သောင်းမကသော မီးလောင်ကျွမ်းနေသည့် နတ်ဆရာမျိုးနွယ်စုဝင်များ၏ရုပ်အလောင်းများသည်ကား အားလော့ကျင်း၏အနားတွင်ပတ်ပတ်လည်ဝိုင်းရံထားလျက်ရှိနေကြသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသောစကားသံများမှာ ရပ်တန့်သွားကြပြီးနောက် စွပ်စွဲပြစ်တင်ရိပ်လွှမ်းသော အသံတိတ်ဟန်ပန်အမူအရာမျိုးဖြင့် ရှန့်လင်ယွမ်းရှိနေသော လိုဏ်ဂူအပေါက်ဝဆီသို့တပြိုင်နက်တည်းလိုလိုလှည့်ကြည့်လာကြသည်။ မှတ်ဉာဏ်အတွင်းရှိအဖြစ်အပျက်များနှင့် မှတ်ဉာဏ်အပြင်ဘက်ရှိအဖြစ်အပျက်များ၊ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀) ကျော်ကဖြစ်ပျက်ခဲ့သည့်အရာများနှင့် နှစ်ပေါင်း (၃၀၀၀) ကြာညောင်းပြီးနောက်ဖြစ်ပျက်နေသည့်အရာများ….။

အချိန်ကာလတို့က ရပ်တန့်သွားသယောင်။

ဤကဲ့သို့အရာအားလုံးတိတ်ဆိတ်ငြိမ်ကျသွားချိန်၌ အားလော့ကျင်းသည်ကား သူ့ဦးခေါင်းကိုလက်ဖြင့် ထိန်းကိုင်ထားရင်း မတ်တပ်ရပ်လာသည်။ သူက ညင်သာပျော့ပျောင်းစွာမေးလိုက်သည်။

“လင်ယွမ်းကောကော…..ကျွန်တော့်အဖေက ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ?”

မျက်နှာဖုံးတပ်ထားသည့် သန်းလီဆိုသူက လှမ်းအော်ပြောလိုက်သည်။

“ပိရှ ရှေ့ကိုမတိုးပါနဲ့!”

“သူလား?”

အားလော့ကျင်းက သန်းလီရှိရာဆီသို့ လက်ညှိုးတစ်ချောင်းဖြင့်ညွှန်ပြလိုက်သည်။ သူ့ဦးခေါင်းပေါ်ရှိမျက်လုံးများမှာလည်း တစ်ဖက်သို့လိုက်လှည့်သွားသည်။ တစ်ချိန်တည်းမှာပင် မီးကျွမ်းနေသော နတ်ဆရာရုပ်အလောင်းများကလည်း သူလက်ညှိုုးညွှန်ရာဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြလေသည်။

“ဒါမှမဟုတ် ခင်ဗျားလား?”

ပို၍ထိတ်လန့်ချောက်ချားစရာကောင်းသည့်အရာမှာ အားလော့ကျင်း၏ဦးခေါင်းထက်တွင် မပွင့်တပွင့်အပြုံးတစ်ခုဖြစ်ပေါ်လာချိန်၌ နတ်ဆရာရုပ်အလောင်းများအားလုံးထံတွင်လည်း ထိုမျက်နှာအမူအရာနှင့်တထပ်တည်းတူညီသော အမူအရာတို့ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now