(၂၈)

1K 276 13
                                    

ရှန့်လင်ယွမ်းက အိပ်မက်ယောင်နေသူတစ်ယောက်လို ရေရွတ်လိုက်သည်။

“တကယ်လို့ မင်းသာဆိုရင်ရော ဘယ်လိုလုပ်မှာလဲ?”

၎င်းမှာ ရွှမ်းကျီးကိုမေးမြန်းနေသလိုထင်ရသော်ငြား တစ်ချိန်တည်းမှာပင် ကိုယ်ထင်မပြဘဲ သူတို့ကိုတိတ်တိတ်လေးစူးစမ်းစောင့်ကြည့်နေသူတစ်ဦးကိုမေးခွန်းထုတ်နေသယောင်လည်းထင်ရပေသည်။

ရွှမ်းကျီးက လိုဏ်ဂူပေါက်ဝဆီသို့လှမ်းမျှော်ကြည့်လိုက်သည်။ စုဟွေမှတ်ဉာဏ်နယ်မြေအတွင်း၌ရှိနေသောလိုဏ်ဂူသည်ကား နောက်ဆုံး၌ နတ်ဆရာလိုဏ်ဂူဟူ၍ဖြစ်မလာသေးသလို မြေကြီးအောက်ထဲတွင်လည်းနစ်မြုပ်ဝင်နေခြင်းမရှိသေးပါ‌ချေ။ ဂူပေါက်ဝမှထွက်ပေါ်လာသော လင်းရောင်ခြည်မျှင်လေးက ရှန့်လင်ယွမ်း၏မျက်နှာတစ်ဝက်ပေါ်သို့လင်းလက်ဖြာကျလာလေရာ သူ၏မျက်နှာပြင်တစ်ဝက်မှာ အလင်းရောက်အောက်တွင်ရှိနေပြီး ကျန်တစ်ဝက်သည်ကား အမှောင်ထုထဲတွင်ရှိလို့နေသည်။ သို့တိုင် ထင်ရှားပြတ်သားပြီးချောမွေ့သောမျက်နှာကောက်ကြောင်းကတော့ ပေါ်လွင်နေဆဲပင်ဖြစ်သည်။

ဂူပေါက်ဝ၌ ခြေသံများ ရုတ်တရက်ထွက်ပေါ်လာကြပြီး တစ်စုံတစ်ယောက်က နတ်ဆရာဘာသာစကားဖြင့် သွေးရူးသွေးတန်းအော်ဟစ်လို့နေသည်။

ရှန့်လင်ယွမ်း၏ခေါင်းကိုက်ဝေဒနာမှာ ပို၍ဆိုးဝါးလာသယောင်ထင်ရပြီး ၎င်းမှာ သူ့နဖူးပြင်ကို အေးစက်နေသောကျောက်သားနံရံထက်ဝယ် ဖိကပ်ထားနေရရှာသည်။

ရွှမ်းကျီး : “သူ ဘာတွေပြောနေတာလဲ?”

ရှန့်လင်ယွမ်းက ဗလုံးဗထွေးပြန်ဖြေလိုက်သည်။

“ယဇ်ပလ္လင်ကိုဖွင့်လိုက်ပြီ၊ အိုမင်းမစွမ်းတဲ့လူကြီးတွေနဲ့ ကလေးသူငယ်တွေကို အရင်ဆုံးပေးဝင်လိုက်ကြ”

“ယဇ်ပလ္လင်?”

“ယဇ်ပလ္လင်ဆိုတာ နတ်ဆရာမျိုးနွယ်စုရဲ့တားမြစ်ထားတဲ့နယ်မြေဒေသတစ်ခုပဲ”

ရှန့်လင်ယွမ်း၏စကားသံမှာ ဆူညံပွက်လောရိုက်နေသောလူများနှင့်သူတို့၏ခြေသံများအောက်ဝယ် စုံးစုံးမြုပ်ပျောက်ကွယ်လုမတတ်ပင်ဖြစ်သွားရှာသည်။ ထိတ်လန့်ချောက်ချားနေသောနတ်ဆရာမျိုးနွယ်စုဝင်များမှာ ရေကြီးရေလျှံမှုကြောင့်ထွက်ပြေးလာကြသော တိရစ္ဆာန်အုပ်ကြီးသဖွယ် နှစ်ထောင်ပေါင်းများစွာကြာမြင့်ပြီးနောက် အနာဂတ်ကာလတွင်ရှိနေသည့် ဘေးမှရပ်ကြည့်နေသူများအနီးမှ ဝရုန်းသုန်းကားဖြင့် တဟုန်ထိုးပြေးလွှားနေကြလေသည်။

သောကမီးလျှံWhere stories live. Discover now