(၄၆)

1.2K 266 14
                                    

ရှန့်လင်ယွမ်းမှာ တုတ်တုတ်မှမလှုပ်ရှားဘဲ သူ့ခေါင်းကိုစောင်းငဲ့လိုက်ရင်း သူနှင့်လက်တစ်ကမ်းအကွာသို့လျှောက်လှမ်းလာသည့် အနှီစုတ်တီးစုတ်ပဲ့ဖြစ်နေသောလူကိုကြည့်နေလိုက်သည်။ ထိုလူသည်ကား သူ့ဘေးပတ်ပတ်လည်တွင်ရှိနေသော လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို စေ့စေ့စပ်စပ်အကဲခတ်ကြည့်ရှုနေ၏။ ထို့နောက် သူ့လက်ပတ်နာရီကိုဖြုတ်ယူလိုက်သည်။ နာရီ၏အနောက်ဘက်မျက်နှာစာခြမ်းတွင် ကြေးဝါရောင်ရှေးဟောင်းသံလိုက်အိမ်မြှောင်တစ်လုံးကိုကပ်ထား၏။

သံလိုက်အိမ်မြှောင်၏လက်တံမှာ ဖြည်းဖြည်းချင်းလှည့်ပတ်လှုပ်ရှားနေပြီးနောက် ရှန့်လင်ယွမ်းရှိရာဘက်သို့လှည့်လာသည်။ လက်တံမှာ ရပ်တန့်ခါနီးဆဲဆဲမှာပင် ရှန့်လင်ယွမ်းက ခပ်ရေးရေးမျက်မှောင်ကြုတ်လိုက်၏။ ထိုအခါ အနှီလက်တံခမျာ ရုတ်တရက်အထိတ်တလန့်ဖြစ်သွားသည့်အလား၊ သွက်သွက်ခါအောင်ရူးသွပ်သွားသည့်အလား အကြမ်းပတမ်းလှည့်ပတ်နေရှာတော့သည်။ ၎င်းမှာအသက်ချမ်းသာခွင့်ပေးပါရန်တောင်းပန်တိုးလျှိုးနေသည့်နှယ် အဆိုပါလက်တံမှာလျင်မြန်စွာလှည့်ပတ်နေရင်း လိမ္မာပါးနပ်စွာပင် လျှပ်စစ်ပန်ကာလေးတစ်လုံးအဖြစ်အသွင်ပြောင်းလဲသွားသည့်အလား။

ထိုလူသည်ကား သူ၏သံလိုက်အိမ်မြှောင်ထံမှ ဤသို့သောတုံ့ပြန်မှုမျိုးကိုတစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသည့်နှယ်၊ သူက တဒင်္ဂမျှအံ့အားသင့်နေပြီးနောက် သံသယလွှမ်းသောအရိပ်အသက်တို့ခပ်ရေးရေးထွက်ပေါ်လို့လာသည်။ ထိုအခိုက် မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော တစ်စုံတစ်ယောက်ထံမှ ခပ်တိုးတိုးစကားသံတစ်သံထွက်ပေါ်လာ၏။

“မစ္စတာနျန်…မင်္ဂလာနံနက်ခင်းပါရှင်”

‘မစ္စတာနျန်’ ဆိုသူက နောက်လှည့်ကြည့်လိုက်သောအခါတွင်မူ လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ ထိုသူက သူ၏နေရောင်ကာဦးထုပ်ကြီး၏အနားစွန်းကို အပေါ်သို့ပင့်တင်လိုက်ချိန်ဝယ် မြေခွေးမျက်ဝန်းတစ်စုံနှင့်အတူ နားထင်ပေါ်တွင် အနီရောင်တောက်တောက်တက်တူးတစ်ခုထိုးထားသောလူတစ်ယောက်ကိုတွေ့မြင်လိုက်ရသည်။ ၎င်းမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ အလွန်အမင်းချောမောလှပသူဟုမဆိုနိုင်သော်ငြား သူမ၏မျက်ဝန်းများထဲတွင် လူများကိုဆွဲဆောင်နိုင်သောချိတ်ကောက်များရှိနေသည့်အလား။ သူမက မျက်နှာထက်တွင်အပြုံးပန်းတစ်ပွင့်ကိုပန်ဆင်လိုက်ရင်း သူ့ထံသို့ ပြီတီတီညုတုတုအကြည့်များကိုပို့လွှတ်နေတော့သည်။

သောကမီးလျှံWhere stories live. Discover now