(၅၀)

1.2K 250 26
                                    

ဗီဒီယိုထဲတွင် လက်တစ်ဖက်သာပါဝင်ခဲ့သော 'မစ္စတာနျန်' ဆိုသူသည်ကား ယခုအချိန်၌ ကူယွဲ့ရှီးနှင့် သိပ်မဝေးလှသောအကွာအဝေးတွင်ရောက်ရှိနေတာဖြစ်သည်__ထိုလူသည်ကား ထင်ရာစိုင်းလူရမ်းကားတစ်ယောက်ပုံစံတစ်ယောက်ပေါက်နေရုံသာမက အလွန်တရာရဲတင်းလွန်းလှသူတစ်ဦးလည်းဖြစ်သည်။ ၎င်းမှာ လေနတ်ဘုရားအဖွဲ့သားများ၏မျက်စိရှေ့မှောက်၌ပင် သုံးချွမ်းမှောင်ခိုဈေးအတွင်းမှ ပေါ်ပေါ်တင်တင်ဝင့်ဝင့်ကြွားကြွားလမ်းလျှောက်ထွက်သွားခဲ့သည့်အပြင် ယခုအခါတွင်လည်း ကိုယ်တိုင်ကိုယ်ကျကားမောင်းလာကာ ယုံအန်းတွင်ရှိသော DCO ဌာနချုပ်ရှိရာသို့ရောက်ရှိလာပြီး မြို့၏တောင်ဘက်ပိုင်းတွင်ရှိသော အပန်းဖြေစခန်းငယ်လေးတစ်ခုအတွင်း၌ရပ်နားနေလေသည်။

ဖုန်လိုင်ညီလာခံမှာလည်း ယွဲ့သယ်ဘိုးဘိုးအားဖမ်းဆီးလိုက်ခြင်းနှင့်အတူ ပြတ်တောက်ပြီးဆုံးသွားခဲ့ရပြီး အကြီးအကဲဟွမ်မှာလည်း နှုတ်ဆက်စကားတစ်ခွန်းမှမဆိုဘဲ ထပြန်သွားခဲ့ပြီဖြစ်သည်။ ထူးခြားစွမ်းရည်ပိုင်ရှင်ဆရာကြီးများသည်ကား စိတ်ပျက်လက်ပျက်နှင့်မျက်စိပျက်မျက်နှာပျက်ဖြစ်နေကြလေသည်။ သို့ပေသိ ၎င်းတို့မှာ သူတို့၏ကလိမ်ကကျစ်လုပ်ရပ်များ ဘူးပေါ်သလိုပေါ်ပေါက်သွားမည်စိုးသောကြောင့် ဒေါသထွက်ရုံသာတတ်နိုင်ပြီး ဘာတစ်ခွန်းမှဝင်မပြောနိုင်ကြပါချေ။ သူတို့အားလုံးအနက် အခမ်းအနားမှူးဖြစ်သော ယွိဘွားဘွားတစ်ဦးတည်းသာလျှင် တည်ငြိမ်အေးဆေးသောအမူအရာကိုဆက်လက်ထိန်းသိမ်းထားနိုင်သူဖြစ်ပြီး ဘာမှမဖြစ်သည့်နှယ် တစ်ဖက်တွင် အခြားလူများကိုအားပေးနှစ်သိမ့်နေကာ တစ်ဖက်တွင်လည်းလုပ်စရာရှိသည်များကိုဆက်လုပ်နေ၏။

နေ့လယ်ပိုင်းသို့ရောက်သောအခါ ယွိဘွားဘွားသည်ကား တရားထိုင်ခြင်းအမှုပြီးဆုံးသွားပြီးနောက်တွင် ပုံမှန်စားနေကျနေ့လယ်စာဖြစ်သော ထမင်းဖြူနှင့်အရန်ဟင်းအနည်းငယ်ကိုစားသောက်လို့နေသည်။ သူမက တူတစ်စုံအား အသံတစ်ချက်မှမမြည်စေဘဲ တိတ်ဆိတ်စွာမြှောက်ကိုင်လိုက်ရင်း (၁၅) မိနစ်အတွင်းမှာပင် နေ့လယ်စာကိုအပြီးသတ်စားသုံးလိုက်သည်။ ထို့ထက် တစ်စက္ကန့်မှမလျော့သလို တစ်စက္ကန့်မှလည်းမပိုပေ။ ထို့နောက်တွင်မူ သူ့လက်များကိုဆေးကြောလိုက်ပြီး ခံတွင်းကိုလည်းပလုတ်ကျင်းလိုက်သည်။ သူမ၏ပုံစံကိုကြည့်ရသည်မှာ ကျက်သရေတင့်တယ်လှသော ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူအလား။ ဘေးတစ်ဖက်တွင်ရှိနေသော ဝိညာဉ်တစ်ကောင်နှင့်တူသည့် အစေခံမိန်းကလေးတစ်ဦးသည်ကား ပြတင်းပေါက်တံခါးကိုဖွင့်ကာ လေထုအတွင်းရှိ ထမင်းနံ့ဟင်းနံ့များကိုသန့်စင်လိုက်သည်။ အမွှေးတိုင်အိုးထဲတွင်မူ နောက်ထပ်အမွှေးတိုင်တစ်ချောင်း ကုန်ဆုံးတော့မည်ဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now