အတွဲ (၂) အပိုင်း(၁၄)

1.8K 366 84
                                    

နတ်ဘုရားများသည် သေမျိုးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းငှာမတတ်စွမ်းနိုင်ကြ။ နတ်ဘုရားများမှာ ပန်းသစ်တော်ပင်အောက်၌ ပုပ်သိုးဆွေးမြည့်သွားနှင့်ကြပြီးဖြစ်သည်
(ကမ္ဗည်းစာ)


ပြင်းထန်အားကောင်းလှသောမိုးကြိုးစက်ကွင်းများ၏ ပြစ်ဒဏ်ခတ်မှုကိုအလူးအလဲခံစားခဲ့ရပြီးသကာလ ရှန့်လင်ယွမ်း၏ ခန္ဓာကိုယ်သည်ကား တစစီပျက်စီးကြေမွသွားရသလို အသက်ဝိညာဥ်မှာလည်း လွင့်ပါးပျောက်ကွယ်သွားရရှာသည်။ ရှန့်လင်ယွမ်းမှာ မိမိသည်ကား အနည်းဆုံးတော့ နောက်ထပ် အနှစ်တစ်သောင်းလောက်အထိ အချိန်အကြာကြီး ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်အနားယူရတော့မည်ဟုထင်လိုက်မိသည်။ မထင်မှတ်ဘဲ ခဏတဖြုတ်လေးတောင် အနားမယူလိုက်ရသေးခင်မှာပင် ဒုတိယအကြိမ်ပြန်လည်၍နိုးထလာရပြန်သည်။

အရင်တစ်ခေါက်တုန်းက ၎င်းမှာ မဆိုစလောက် 'မနက်ခင်းဒေါသစိတ်' တို့ဖြစ်ပေါ်ခဲ့ရသော်ငြား ယခုအကြိမ်မှာတော့ တစ်ခါသေဖူး ပျဥ်ဖိုးနားလည်သွားသူအလား ထိုဖြစ်စဥ်ကိုရင်းနှီးကျွမ်းဝင်သွားပြီးသည့်နောက်မှာတော့ စိတ်ဆိုးဒေါသထွက်ခြင်းအလျဥ်းမရှိတော့ဘဲ ထုံပေပေသာဖြစ်နေခဲ့လေတော့သည်။

ပူဆွေးယဇ်ပူဇော်ပွဲ၏တန်ပြန်တိုက်ခိုက်မှုက မေ့ဖျောက်၍မရနိုင်လောက်အောင်ပင် အရိုးထဲစွဲသည်အထိ အမှန်တကယ်ကိုနာကျင်လွန်းလှသည်။ ထိုနှိပ်စက်ညှင်းပန်း​​ခြင်းအပြစ်ဒဏ်ကို ခံစားခဲ့ရရှာသော သူ၏ခန္ဓာကိုယ်က ပြာမှုန့်များအဖြစ်ပြန့်ကြဲလွင့်ပါးသွားရပြီးဖြစ်သည့်တိုင်အောင် သူ၏အသိစိတ်ကတော့ဖြင့် နာကျင်မှုကြောင့် အပြင်းအထန်တုန်ခါလှုပ်ယမ်းနေဆဲပင်ဖြစ်သည်။ နှလုံးအိမ်က တစ်ချက်တလေ မဆိုစလောက်တုန်ခါသွားရုံမျှပင် မချိမဆန့်ဝေဒနာကိုခံစားရရှာသည်။ တကယ်တမ်းပြောရပါလျှင် သူ့ထံတွင် 'ပြန်လည်နိုးထ' လာစရာ ရုပ်အလောင်းပင် မကျန်တော့သောအခြေအနေမျိုးဖြစ်၏__ဒါဖြင့် အခုဘာတွေဖြစ်နေရပြန်တာလဲ?

အခုခေတ်လူငယ်တွေက ဘာလို့ တခြားမိစ္ဆာတစ်ကောင်ဆီ သွားပြီးမကိုးကွယ်ကြရတာလဲ?

သောကမီးလျှံWhere stories live. Discover now