ခေါင်မိုးထက်တွင် လေပြင်းများစတင်တိုက်ခတ်လာကြသည်။ ယဇ်စာသားများက အနက်ရောင်မြူခိုးများအကြားတွင် ဝေ့ကာဝိုက်ကာဖြင့် လေထုထဲသို့ တလူလူလွင့်ပျံတက်သွားကြပြီး ရှန့်လင်ယွမ်း၏ခန္ဓာကိုယ်ကို သံချိန်းကြိုးများသဖွယ် ရစ်ပတ်သွားကြသည်။တချိန်တည်းမှာပင် အတော်ကြာကြာကတည်းက အရှိန်ယူအစပျိုးနေခဲ့သော မိုးကြိုးတိမ်တိုက်များသည်ကား ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးနောက် အဖျက်စွမ်းအားကြီးမားသော လျှပ်ပန်းလျှပ်နွယ်များက ညကောင်းကင်ယံတခွင်တပြင်ကို ထိုးခွင်းဖြတ်သန်းသွားပြီးသကာလ အတွင်းလူနာဆောင်ပေါ်သို့ တိုက်ရိုက်ကျရောက်လို့လာသည်။
ပြိုးပြိုးပြက်ပြက်လက်နေသော အဖြူရောင်အလင်းတန်းများအောက်ဝယ် ထင်းခနဲလင်းခနဲဖြစ်သွားသော ကြောက်လန့်တုန်လှုပ်နေရှာသည့်လူများ၏ မျက်နှာသွင်ပြင်များသည်ကား တမလွန်ခရီးသို့သွားရာလမ်းတစ်လျှောက်၌ အုပ်လွှမ်းထားလျက်ရှိသော နံရံဆေးရေးပန်းချီများသဖွယ်ဖြစ်လို့နေတော့သည်။
တခဏအတွင်းမှာပင် ပိချွင်းရှန်း၏မျက်နှာပြင်ပေါ်ရှိအသွေးအသားအားလုံးသည်ကား လုံးလုံးလျားလျားကိုအရည်ပျော်သွားခဲ့ပြီးနောက် တွန့်လိမ်ရှုံ့တွနေသောဦးရေပြားတစ်လွှာသာလျှင် ဖုဖောင်းနေသော ဦးခေါင်းခွံရိုးပေါ်တွင် လျော့တိလျော့ရဲကပ်ငြိကျန်ရစ်ခဲ့လေသည်။
သူမသည်ကား ဒဏ္ဍာရီပုံပြင်များထဲမှ အစာငတ်သေသွားခဲ့သော အလောင်းကောင်တစ်ကောင်လို စိတ်ပျက်အားလျော့စွာဖြင့် မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်လျက်အနေအထားဖြင့်ရှိနေ၏။
ရှန့်လင်ယွမ်းက ပြုံးမနေတော့ပါချေ။ သူက ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး သူမ၏ဆံနွယ်များကို အသာအယာပွတ်သပ်လိုက်ရင်း မေးမြန်းလိုက်၏။
"မင်းက ငါ့ကို ဘယ်သူတွေကို သတ်ပေးစေချင်တာလဲ? လူသားအစစ်တွေနေရာမှာ တံလျှပ်လိပ်ပြာတွေကိုအစားထိုးထားတဲ့လူတွေကိုလား? ငါ သူတို့အားလုံးကိုသတ်ပစ်လိုက်ရင် မင်းရဲ့အမျက်ဒေါသတွေပြေပျောက်သွားနိုင်မှာလား?"