(၄၁)

1.4K 286 71
                                    

Unicode

ရွှမ်းကျီး၏ဦးနှောက်အတွင်းသို့ ကသိကအောက်ဖြစ်စိတ် အခုတစ်သောင်းခန့်သည်ကား သူ့ထက်ငါစုပြုံတိုးဝှေ့ကာ အလုံးအရင်းဖြင့်ဝင်ရောက်လာကြသည်။ သူက ရှင်းပြလိုက်ချင်သော်ငြား ကသိကအောက်ဖြစ်စိတ်များ၏နင်းခြေမှုကို လောလောလတ်လတ်ခံစားလိုက်ရရှာသော သူ့ဦးနှောက်လေးခမျာ ပြောရမည့်စကားလုံးများကိုမေ့လျော့သွားလေတော့သည်။ ထိုတခဏအတွင်းမှာပင် ‘အပိုတွေမပြောနဲ့၊ ကားပေါ်တက်’ ဟူသောစကားမျိုးကိုပြောဆိုတတ်သည့် သူ၏ခပ်မိုက်မိုက်ပုံရိပ်ကို ထိန်းသိမ်းထားရန် အနည်းငယ်ခက်ခဲသွားရှာတော့သည်။ ထိုအခါတွင်မှ လူအများနှင့်ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်ရွံ့တတ်သောရောဂါဝေဒနာရှင်များ၏ခံစားချက်များကို သူကောင်းကောင်းကြီးနားလည်သဘောပေါက်သွားရှာ၏။

အံ့ဩစရာကောင်းသည်က ရှန့်လင်ယွမ်း၏တုံ့ပြန်မှုမှာ ထူးဆန်းစွာပင် တည်ငြိမ်ညင်သာနေတာပဲဖြစ်သည်။ ၎င်းမှာ ကောင်းကောင်းနိုးလာပြီလား မနိုးသေးဘူးလားဆိုတာကိုလည်း ရွှမ်းကျီးမသိပေ။ ရှန့်လင်ယွမ်းကတော့ သူ့ရှေ့မှောက်တွင်ရှိနေသောမျက်နှာကိုမှတ်မိသွားသောအခါ ရွှမ်းကျီး၏လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်ပြီး လက်ခါပြလိုက်သည်။

“ငါ့ကို ခစားစရာမလိုဘူး”

ရွှမ်းကျီး : “…….”

ရှန့်လင်ယွမ်းက ကြိုးစားပမ်းစားထထိုင်လိုက်သည်။ ထိုသို့ထထိုင်လိုက်ချိန်၌ မည်သည့်နေရာရှိဒဏ်ရာကိုထိမိသွားသလဲမသိ၊ သူ့ပုခုံးသားများမှာတောင့်တင်းသွား၏။ သူက လက်တစ်ဖက်ကို လက်မဝက်ခန့်ပင့်မြှောက်လိုက်ကာ တစ်စုံတစ်ရာကိုဖုံးကာရန်ပြင်လိုက်သည့်တိုင် ရုတ်ချည်းပင် ထိုအပြုအမူကိုပြန်လည်အောင့်အီးထိန်းချုပ်လိုက်ရှာသည်။ ထို့နောက် သူက တခဏမျှတိတ်ဆိတ်စွာထိုင်နေပြီးသော် ဖြည်းဖြည်းချင်းတည်ငြိမ်မြဲမြံစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အိပ်ရာခင်းများကိုလက်ညှိုးထိုးပြကာ အေးအေးလူလူပြောလာသည်။

“တစ်ယောက်ယောက်ကိုခေါ်ပြီး အဲဒါကိုလဲခိုင်းလိုက်”

ရွှမ်းကျီးမှာ သူ့အား မယုံကြည်နိုင်သောအကြည့်များဖြင့် ပြူးပြဲ၍စူးစိုက်ကြည့်ရှုလိုက်စေကာမူ ပိရှ၏ခပ်တည်တည်မျက်နှာထားကိုသာတွေ့မြင်လိုက်ရရှာသည်။ ၎င်းသည်ကား လုပ်သားပြည်သူများ၏လုပ်အားကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေသော သူ၏အပြုအမူအပေါ်တွင် နည်းနည်းလေးတောင်မှ ရှက်ရွံ့စိတ်ရှိပုံမပေါ်ပါချေ။ သို့ဖြစ်ရာ သူက မဆိုစလောက်ရွဲ့တဲ့တဲ့လေသံဖြင့်ပြန်ပြောလိုက်လေသည်။

သောကမီးလျှံWhere stories live. Discover now