(၂၂)

1.3K 314 19
                                    


"အခေါင်းကိုဖွင့်လိုက်တယ်? ဘယ်သူ့အခေါင်းကိုပြောတာလဲ?"

ရွှမ်းကျီးတစ်ယောက် အထိတ်တလန့်ဖြစ်သွားရှာသည်။

"ခေါင်းတလားထဲမှာ တစ်ယောက်ယောက်ရှိနေခဲ့တာလား? ဘယ်သူလဲ?"

ရှန့်လင်ယွမ်းက ရုတ်တရက် ခေါင်းမော့ကြည့်လာသည်။ သူ့မျက်ဝန်းများက အရင်တုန်းကထက်ပင် ပို၍ရဲရဲနီစွေးလို့နေသည်။ ရွှမ်းကျီးက သူ့အကြည့်များအတိုင်းလိုက်ကြည့်လိုက်စေကာမူ မည်သူတစ်ဦးတစ်ယောက်ကိုသော်မှမတွေ့ရပါချေ။ ထို့နောက်မှာတော့ အရင်ဦးဆုံး ရေသံတစ်သံကိုကြားလိုက်ရပြီးသကာလဝယ် သူ ချက်ချင်းပင်ထိတ်လန့်တုန်ယင်သွားရှာတော့သည်__ခေါင်းတလားဘေးတွင်ရှိနေခဲ့သည့် မုတ်ဆိတ်နှင့်လူမှာ ‌ပျောက်ချင်းမလှပျောက်ဆုံးသွားလေပြီ!

ကြည့်ရသည်မှာ သူတို့နှစ်ယောက်အနက် တစ်ယောက်က ခေါင်းတလားထဲတွင်ပိတ်မိနေရင်း ထမလာနိုင်ဘဲရှိနေပြီး ကျန်တစ်ယောက်ကတော့ စိတ်နှင့်လူနှင့်မကပ်ဘဲ ဝိညာဉ်လွင့်နေချိန်၌ မုတ်ဆိတ်နှင့်လူသည်ကား__ခုနလေးတင်မှ နိုးလာခြင်းလား၊ သို့မဟုတ် တစ်ချိန်လုံးသတိလစ်မေ့မြောချင်ယောင်ဆောင်နေခြင်းလားမသိ__သူက ထိုအခွင့်အရေးကိုအသုံးချပြီး ရေအိုင်ထဲသို့ခုန်ဆင်းသွားခဲ့တာဖြစ်သည်။ ယခုချိန်၌ ၎င်းသည်ကား အရပ်မျက်နှာတစ်နေရာဆီသို့ သဲကြီးမဲကြီးကြိုးစားကူးခတ်လို့နေသည်။ ရွှမ်းကျီးက ရေသံများထွက်ပေါ်လာနေသည့်အရပ်ကိုလှမ်းကြည့်လိုက်သောအခါတွင်မူ ကျောက်ဂူနံရံထက်တွင် လူတစ်ယောက်စာဖြတ်သန်းသွားလာလို့ရနိုင်သော ဂူပေါက်ဝတစ်ခုကိုတွေ့လိုက်ရသည်။ ယခင်က မြင့်တက်နေသောရေမျက်နှာပြင်ကြောင့် ထိုအပေါက်ဝမှာ ရေများဖြင့်ဖုံးလွှမ်းနေပြီး ယခု ရေကျသွားချိန်မှသာ ပေါ်ထွက်လာခြင်းဖြစ်လေသည်။

မုတ်ဆိတ်နှင့်လူသည်ကား ထိုနေရာတွင် ထွက်ပေါက်တစ်ခုရှိနေကြောင်းကို အရင်ကတည်းကသိနေခဲ့တာဖြစ်သည်။ ရေထဲတွင် ခွေးကူးကူးနေသော သူ့ပုံစံကလည်း အတော်လေးကိုစည်းစနစ်တကျရှိလှသည်။ ထိုသူမှာ သေချာပေါက်ကို သည်နေရာကိုရောက်ဖူးခဲ့တာပဲ!

သောကမီးလျှံWhere stories live. Discover now