(၆၂)

915 140 11
                                    

ဝမ်ဇယ်မှာ အားသွန်ခွန်စိုက်ကြိုးပမ်းလျက် သံသယတရားခံများနှင့်သူ့ကိုယ်သူကိုလေပူဖောင်းထဲသို့ လက်မတင်လေး အတူတကွလုံးပတ်ထည့်သွင်းလိုက်နိုင်ခဲ့သည်။ သူ၏အဆုတ်အတွင်းရှိလေအိတ်ငယ်လေးများပင် ပန်းထွက်လာတော့မယောင်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်းတို့မှာ လျှပ်စီးကြောင်းကဲ့သို့ ပရမ်းပတာရိုက်ပုတ်စီးဆင်းနေသောဒီရေလှိုင်းလုံးကြီးများကြောင့် အဝေးသို့လွင့်စင်သွားရှာတော့သည်။

ဧရာမလှိုင်းလုံးကြီးများအောက်ဝယ် ငါးကြင်းငယ်လေးတစ်ကောင်၏လှုပ်ရှားရုန်းကန်နေမှုများမှာ ကလေးတစ်ယောက်ဆော့ကစားနေသကဲ့သို့ပင်။ ရေမှုန်ရေမွှားများတစ်စက်တလေသော်မျှလွင့်စဉ်ထွက်လာခြင်းမရှိပါချေ။ ၎င်းမှာ ခေါင်းများတရိပ်ရိပ်မူးနောက်နေလျက်ပင် လှိုင်းလုံးများနှင့်အတူလိုက်ပါလွင့်မျောနေလေရာ မည်သည့်နေရာသို့ရောက်လို့ရောက်သွားမှန်းမသိတော့ပါချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိလေပူဖောင်းမှာ တစ်စုံတစ်ခုနှင့်ဝင်တိုက်မိသွားပြီး တစ်ချက်မျှအသာအယာပြန်ကန်ထွက်သွားပြီးသော် နူးညံ့ညင်သာစွာ မြဲမြဲမြံမြံရပ်တန့်သွား၏။

ဝမ်ဇယ်မှာ ခေါင်းတစ်ခုလုံးရှုပ်ထွေးနောက်ကျိနေရာမှ အသိစိတ်တစ်စွန်းတစ်စပြန်လည်ရရှိလာသည်။ ၎င်းမှာ မျက်လုံးထဲတွင် ကြယ်တွေ၊ လတွေမြင်သွားရှာပြီး လေသင်တုန်းဖြတ်သွားတော့မယောင်။ သူ၏မျက်လုံးများမှာ တခဏမျှကြာသည်အထိတစ်ပတ်လည်နေပြီးကာမှ ခဲရာခဲဆစ်ဆုံချက်မိသွားရှာ၏။ ထိုအခါမှသာလျှင် လေပူဖောင်းမှာ ပါးလျသောရေခဲလွှာဖြင့် 'ချိတ်' မိသွားခြင်းဖြစ်ကြောင်းသိရှိသွားလေသည်။

ထူထပ်အုံ့ဆိုင်းသောတိမ်သလ္လာများမှာ ပြန့်ကျဲလွင့်ပါးသွားကြပြီး ကြယ်ရောင်နှင့်သော်တာလရောင်ခြည်တို့မှာ ကစဉ့်ကလျားဖြာကျလင်းလက်နေသည်။ ရွှမ်းကျီးနှင့်ရှန့်လင်ယွမ်းတို့နှစ်ယောက်သည်ကား သူနှင့်မလှမ်းမကမ်းတွင်ရှိနေကြသည်။

ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခြေလှမ်းအနည်းငယ်မျှသာကွာဝေးသောနေရာတွင်ရှိနေကြသည်။ တစ်ယောက်မှာ မီးတောက်မီးလျှံများဖြင့်လောင်ကျွမ်းတောက်ပနေပြီး ကျန်တစ်ယောက်မှာမူ မြူခိုးများဖြင့်အုပ်ဆိုင်းပိတ်ဖုံးနေလျက်ရှိသည်။ ရွှမ်းကျီး၏အတောင်ပံများထံမှ မီးလျှံအလင်းရောင်များသည်ကား တိတ်ဆိတ်သောညဉ့်အမှောင်ထုအတွင်းဝယ် အလွန်တရာဝေးလံသောနေရာအထိတိုင်အောင်ဖြန့်ကျက်ထွန်းလင်းနေလျက်ရှိသည်မှာ လူသားမီးပြတိုက်တစ်ခုသဖွယ်။ သို့သော် ရှန့်လင်ယွမ်း၏နံဘေးတွင်ရှိသော လေပြည်တစ်ချက်သော်မျှထွင်းမဖောက်နိုင်သည့်အနက်ရောင်မြူခိုးများကိုမူ ထိုးဖောက်နိုင်ခြင်းမရှိပါချေ။ အဆိုပါ 'ဓားဝိညာဉ်' သည် သေမျိုးလောကကြီးနှင့်သုံးကျန့်အကွာတွင်ရှိနေပြီး ဝိုးတိုးဝါးတားမေးဖျားအရိပ်လေးသာလှစ်ဟထွက်ပေါ်နေသည်။ စူးရှသောနှုတ်ခမ်းထောင့်စွန်းများပေါ်ဝယ် အပြုံးမမည်သောအပြုံးတစ်ခုကိုချိတ်ဆွဲထားသယောင်။ ထိုလူနှစ်ဦးသည် ရှေးဟောင်းဘာသာစကားကိုအသုံးပြုကာ အလင်းအလျင်နှုန်းဖြင့်စကားဖောင်ဖွဲ့နေကြသည်။ ရွှမ်းကျီးက စကားတစ်ခွန်းကို သွားကြားထဲမှဖျစ်ညှစ်ထုတ်ပြောလာသည်။

သောကမီးလျှံWhere stories live. Discover now