အခန်း (၆၇)
"အရှင့်သား....အရှင့်သား...."
"ပိရှ"
"ပိရှ၊ အရှင်မင်းကြီးဟာ လူသားအားလုံးရဲ့မျှော်လင့်ချက်ပါ ဘုရား...."
"လူသားအားလုံးရဲ့မျှော်လင့်ချက်ပါ..."
"ပိရှ၊ ကျွန်တော်မျိုးတို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးတော်မူပါ..."
ရွှမ်းကျီး၏မျက်စိရှေ့မှောက်ရှိ ဆိုးဝါးရက်စက်သောပုံရိပ်မြင်ကွင်းများမှာ တစ်စစီကြေမွသွားပြီး သူ အသိစိတ်ပြန်ကပ်မလာသေးခင်မှာပင် နောက်တစ်ခဏအတွင်း၌ မြင်းဇောင်းတစ်ခုအတွင်းသို့ ထပ်မံပြုတ်ကျသွားပြန်သည်။ ၎င်းမှာ ယခင်အတိုင်း ဓားဝိညာဉ်၏မြင်ကွင်းရှုထောင့်အတွင်း၌ရှိနေဆဲဖြစ်သည်။ သူ တွယ်ကပ်နေခဲ့သော အရှင်သခင်ငယ်လေးသည်ကား အနည်းငယ် အသက်အရွယ်ကြီးပြင်းလာပုံရသည်။ သူ၏မြင်ကွင်းမှာ မဆိုစလောက် စင်တီမီတာအနည်းငယ်ခန့် မြင့်မားလာသည်။
ရွှမ်းကျီး၏အသိစိတ်မှာ အဆိုပါကလေးငယ်လေး၏ရုပ်ခန္ဓာအတွင်းသို့ ကျရောက်သွားရုံရှိသေး၊ ဘေးဘီဝဲယာတစ်ဝိုက်ကို အကဲမခတ်ရသေးခင်မှာပင် ပေတံရိုက်ချက်တစ်ချက်ကို ခံစားလိုက်ရသည်။ ရိုက်အားမှာ လူတစ်ယောက်ကို ဒဏ်ရာအနာတရဖြစ်စေလောက်သည်အထိ မပြင်းထန်သော်ငြား ကလေးငယ်လေးမှာ ဟန်ချက်မထိန်းနိုင်သောကြောင့် ဤကဲ့သို့ သတိလက်လွတ် တစ်ချက်မျှ အရိုက်ခံလိုက်ရသောအခါ ရှန့်လင်ယွမ်းပေါက်စလေးမှာ ဒယိမ်းဒယိုင်ဖြစ်သွားလျက် လဲကျလုမတတ်ပင်ဖြစ်သွားရှာ၏။
ရွှမ်းကျီးသည်လည်း သူနှင့်အတူ အထိတ်တလန့်ဖြစ်သွားပြီး နှုတ်မှ သာယာနာပျော်ဖွယ်စကားတစ်ခွန်းကို လွှတ်ခနဲရေရွတ်မိသွားသည်။
"မင်းမေ..."
"မတ်မတ်ရပ်စမ်း"
ရေခဲတမျှအေးစက်နေသော အမျိုးသမီးတစ်ဦး၏စကားသံက သူ့အနောက်ဘက်မှ ပျံ့လွင့်လာသည်။ ရှန့်လင်ယွမ်းလေးမှာ တုန်တက်သွားပြီး အလိုအလျောက် တုံ့ပြန်စိတ်ဖြင့် နောက်ကျောပြင်ကို မတ်မတ်ဆန့်ထားလိုက်မိလေသည်။