(၃-၂)

1.8K 426 9
                                    

Unicode

သူ၏အိပ်မက်ထဲတွင် ရွှမ်းကျီးသည် သစ်သားထုတ်တန်းများဖြင့်ဖွဲ့စည်းဆောက်လုပ်ထားသော ရှေးဟောင်းအဆောက်အအုံတစ်ခုအတွင်းသို့ရောက်ရှိနေသည်။ ကြည့်ရသည်မှာ ထပ်ဆင့်အသံလွှင့်ရုံတစ်ရုံဖြစ်ပုံရပြီး အခန်းကသိပ်မကြီးလှဘဲ အောက်ထပ်မှဆူညံသံများကိုပင်ကြားနေရသေးသည်။

သူ့ကိုကျောပေးကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေသောလူတစ်ယောက်။
ထိုသူက ကျက်သရေရှိသော ကိုယ်နေဟန်ထားဖြင့် မတ်တပ်ရပ်နေသည်။သူ၏အဝတ်အစားများက ကျီးကန်းတစ်ကောင်၏အမွေးအတောင်များကဲ့သို့ မည်းနက်တောက်ပြောင်လို့နေ၏။

ယခုကဲ့သို့အိပ်မက်မျိုးကိုမက်ဖူးခြင်းမှာ ရွှမ်းကျီးအတွက် ပထမဆုံးအကြိမ်မဟုတ်တော့ပါချေ။ သူ၏အစောတကာ့အစောဆုံးမှတ်ဉာဏ်များတွင် ထိုသူ၏နောက်ကျောပုံရိပ်သည်ကား ညသန်းခေါင်အိပ်မက်များထဲသို့ မကြာခဏအလည်ရောက်လာတတ်သည်။ ရွှမ်းကျီးမှာ ထိုသူသည်ကား မည်သူမည်ဝါဖြစ်ကြောင်းဆိုတာကိုလည်းမသိသလို သူ၏မျက်နှာရှေ့ခြမ်းကိုလည်း တစ်ခါမှပင်မမြင်ဖူးခဲ့ပါချေ။ အိပ်မက်ထဲတွင် ထိုသူနှင့် မီတာတစ်ရာအတွင်းကပ်သွားလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက်လန့်နိုးသွားရစမြဲဖြစ်၏။ ထိုသူကား ထိတွေ့ကိုင်တွယ်ခြင်းမပြုနိုင်အောင် တားမြစ်ထားသောကျိန်စာတစ်ခုလို။

" ခင်ဗျားလည်း ကိုယ်ပိုင်လေယာဉ်လာစီးကြည့်တာလား?"

အကြိမ်ပေါင်းများစွာမက်ခဲ့ဖူးသောအိပ်မက်ဖြစ်သဖြင့် ရွှမ်းကျီးသည်ကား ထိုဧည့်သည်ကို သူ၏မိတ်ဆွေဟောင်းကြီးတစ်ယောက်သဖွယ် တစ်ဖက်သတ်သတ်မှတ်ထားလိုက်သည်။ ဘေးအန္တရာယ်ကင်းလောက်မည့် မီတာတစ်ရာအကွာအဝေးအတွင်းမှ သူက ထိုပုံရိပ်ကို တရင်းတနှီးစကားစမြည်ပြောလိုက်သည်။

"ဘယ်လိုလဲ? ကျွန်တော့်အလုပ်က အတော်လေးမိုက်တယ်မလား?"

အနှီပုံရိပ်ထံမှ မည်သည့်တုံ့ပြန်မှုမှထွက်မလာ။ ယခင်တုန်းကအတိုင်းပင် ၎င်းမှာ စကားလည်းမပြော၊ လှုပ်လည်းမလှုပ်ရှားတတ်သည့် အနုစိတ်ကျောက်ရုပ်ထုတစ်ခုအလား။ အနှီအိပ်မက်ထဲတွင် ရွှမ်းကျီးတစ်ဦးတည်းမှလွဲ၍ အရာအားလုံးမှာ နောက်ခံပိတ်ကားတစ်ချပ်လို။ သူ ဘယ်လောက်ပဲ ဝုန်းဒိုင်းကြဲကာလူးလိမ့်နေပါစေ တစ်ကိုယ်တော်ပြပွဲတစ်ပွဲကျင်းပနေသလိုသာဖြစ်နေပေလိမ့်မည်။

သောကမီးလျှံWhere stories live. Discover now