(၃၀)

1.2K 298 52
                                    

သုံးချွမ်းလေဆိပ်၌ ‘လေနတ်ဘုရား’ ဟူသောစာတန်းရေးထိုးထားသည့် ဂျက်လေယာဉ်တစ်စီးပေါ်မှ လူအချို့ဆင်းလာကြသည်။ ထိုသူများသည်ကား သမားရိုးကျအဝတ်အစားများကိုသာဝတ်ဆင်ထားကြပြီး ကားတစ်စီးအတွင်းသို့ သိုသိုသိပ်သိပ်ဝင်ရောက်သွားကြကာ တုံးချွမ်းမြို့တွင်းသို့မောင်းနှင်သွားလေတော့သည်။

၎င်းတို့အနက် ကလေးမျက်နှာနှင့်လူငယ်လေးတစ်ယောက်လည်းအပါအဝင်ဖြစ်သည်။ ၎င်း၏ဝတ်ပုံစားပုံမှာ စတိုင်ကျလှပြီး တစ်ဖက်က ပါးစပ်ထဲတွင်ပီကေဝါးနေရင်း လမ်းလျှောက်နေသလို သူ့လည်ပင်းထက်တွင်လည်း စံချိန်ယူနာရီတစ်လုံးကိုချိတ်ဆွဲထား၏။ ထိုသူသည်ကား ပထမဆုံး ‘လေနတ်ဘုရား’ ၏အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျန်းကျောင်းပင်ဖြစ်သည်။ သူ့ဘေးနားတွင်ရှိနေသူကတော့ ဧရာမနေကာမျက်မှန်ကြီးကိုတပ်ဆင်ထားသည့် အမျိုးသမီးကွင်းဆင်းဝန်ထမ်းတစ်ဦးဖြစ်သည်။ သူမ၏မျက်ခုံး၊ မျက်လုံးများမှာ အမြဲတစေ အိပ်မှုန်စုံမွှားဖြစ်နေသောပုံစံမျိုးပေါက်လို့နေသည်။ သို့သော် ထိုသို့ ကျန်းမာရေးချူချာပုံရသည့်ရုပ်ရည်သွင်ပြင်မျိုးကိုဖယ်လိုက်ပါက သူမသည်လည်းပဲ အရေးပါအရာရောက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်__သူမသည်ကား ချိယွမ်းဆေးရုံ၌ ရွှမ်းကျီးအား နောက်မှကူညီပံ့ပိုးပေးခဲ့သော ဒုတိယအဖွဲ့ခေါင်းဆောင် ကူယွဲ့ရှီးပင်တည်း။

သူတို့နှစ်ဦးသည်ကား မည်သည့်နေရာတွင်ထားသည်ဖြစ်စေ တပ်ဖွဲ့ကိုဦးဆောင်နိုင်စွမ်းရှိသော ထိပ်သီးထူးခြားစွမ်းရည်ပိုင်ရှင်ကွင်းဆင်းဝန်ထမ်းများဖြစ်ကြသော်လည်း ယခုခရီးစဉ်တွင်မူ ဘေးကနေ အဖော်အဖြစ်ကူညီထောက်ပံ့ပေးရန်အတွက်သာလိုက်လာကြခြင်းဖြစ်သည်__သူတို့ကိုဦးဆောင်လာသူကတော့ ကျစ်လျစ်တောင့်တင်းသောကြွက်သားများဖြင့်ဖွဲ့စည်းထားသည့်ကျောပြင်နှင့်ကျယ်ပြန့်သောပုခုံးများကိုပိုင်ဆိုင်ထားပြီး တစ်ခေါင်းလုံးရှိဆံပင်များကိုရိတ်သင်ထားကာ နေလောင်ထား၍အညိုရောင်သန်းနေသောမျက်နှာသွင်ပြင်မျိုးရှိသူတစ်ဦးဖြစ်သည်။ သူ့ပါးစပ်ထဲတွင်လည်း စီးကရက်တစ်လိပ်ကို ခပ်တည်းတည်းခဲထား၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လူအများ၏စိတ်ထဲတွင် ‘အမျိုးသားတစ်ယောက်၏ခင်ပွန်း’ ဟူသည့်စကားလုံးကိုပေါ်ထွက်လာစေနိုင်သူဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကျားကျားလျားလျားရှိလှပြီး ကြမ်းတမ်းခက်ထန်သောအငွေ့အသက်တို့ကိုထုတ်လွှတ်နေသယောင်။

သောကမီးလျှံWhere stories live. Discover now